Saturday, October 12, 2013

မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင် လိမ်လည် တိမ်းရှောင်ခဲ့သူမှ အမှတ် (၆) ရဲစခန်း၌ သွားရောက် ၀န်ခံခဲ့ပြီး နာရီပိုင်း အကြာတွင် အာမခံနှင့် ပြန်လည်လွတ်မြောက်

0 comments

Saturday, October 12, 2013

မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင်ကို လိမ်လည် တိမ်းရှောင်ခဲ့သူက ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အမှတ် (၆) ရဲစခန်း၌ သွားရောက် ၀န်ခံခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မန္တလေး ကားလောက အတွင်း၌ ကားဝယ်ရောင်း တစ်ဦးက ငွေကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင်ခန့်ကို လိမ်လည်တိမ်းရှောင် သွားခဲ့မှုကြောင့် ကား Show Room ဖွင့်လှစ် ထားသူများနှင့် ၎င်းထံမှ ကားဝယ်ယူထားခဲ့ သူများက အမှတ်(၆) ရဲစခန်းတွင် အမှုဖွင့်လှစ် ခဲ့ကြပြီးရာ အဆိုပါ လိမ်လည် တိမ်းရှောင်ခဲ့သူမှ အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်က အဆိုပါ စခန်း၌ လာရောက်ဝန်ခံခဲ့ကြောင်း သိရသည်။

ယင်းသို့ ငွေကျပ်သိန်းပေါင်း လေးသောင်း ၀န်းကျင်ခန့် လိမ်လည်တိမ်းရှောင် သွားသူမှာ မန္တလေး ကားလောက အတွင်းမှ ကား Show Room ဖွင့်လှစ်ထားသူများနှင့် ကားဝယ်ရောင်း ပွဲစားများထံသို့ ရန်ကုန်ကုမ္ပဏီ တစ်ခုနှင့် ချိတ်ဆက်ပြီး ကားအစီးရေ ၄၀၀ ကျော်အတွက် စလစ်၊ အုံနာဘုတ် စသည့် ကညနပိုင်း ဆိုင်ရာ ကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း မရှိဘဲ လိမ်လည် တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။

''အခုဖြစ်တဲ့ ကိစ္စက သေချာငွေလိမ်ပြီး တိမ်းရှောင်သွားတာ မဟုတ်ပါဘူး။ လုပ်ငန်း ကိစ္စတွေ လုပ်နေရင်း ငွေမနိုင်ဘဲ ဖြစ်ပြီးတော့ အခုလို ဖြစ်ခဲ့ရတာပါ။ ကျွန်တော်ကြောင့် နစ်နာသွားတဲ့ သူတွေအားလုံးကို အဆင်ပြေအောင် ပြန်လည်ဖြေရှင်း ပေးသွားမှာပါ'' ဟု အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည့် နားကွင်းကျော်ကြီး (ခ) ကိုကျော်ခိုင်စိုးက ပြောဆိုခဲ့သည်။

''သူက ကားလောကမှာ နာမည်ပျက် မရှိခဲ့ဘူး။ အခုဖြစ်တာကလည်း ငွေမနိုင်လို့ ဖြစ်သွားတယ်လို့ပဲ မြင်ပါတယ်။ သူ့ဆီကနေ ကားသုံးစီး ၀ယ်ထားတာ အုံနာဘုတ် ထုတ်ဖို့ပဲ ကျန်နေတာပါ။ ကားဝယ်တုန်းက အုံနာဘုတ် အတွက် ငွေ ၁၀ သိန်း ချန်ထားပြီးတော့ ၀ယ်ထား လိုက်တယ်။ အခု အုံနာဘုတ် ထုတ်မယ် လုပ်တော့ ကားရောင်းခဲ့တဲ့ ရန်ကုန်ကုမ္ပဏီက အုံနာဘုတ် ယူမယ်ဆိုရင် ငွေ ၁၀ သိန်းအပြင် နောက်ထပ် သိန်း ၂၀ လောက် ထပ်ပြီး တောင်းတယ်။ တကယ်ဆိုရင် အဲဒီကုမ္ပဏီကို ကျန်နေတဲ့ ငွေပမာဏ ပေးသွင်းပြီးရင် ကျွန်တော်တို့ကို စာအုပ်ထုတ်ပေးရမှာ။ ရန်ကုန်ကုမ္ပဏီက သူ့ဆီက အကြွေးရစရာ ရှိတာကို ကျွန်တော်တို့ မန္တလေး ကားလောကက သူတွေကို ငွေပိုတောင်းနေတာ မဖြစ်သင့်ပါဘူး။ ရန်ကုန်ကုမ္ပဏီက မန္တလေး ကားလောကကို အဆင်ပြေအောင် လုပ်မပေးဘဲ ငွေကိုမတရား လိုချင်နေတဲ့ပုံစံ ဖြစ်နေတယ်။ အခု သူဝန်ခံပြီး သွားပြီဆိုတော့ သူချိတ်ဆက် ၀ယ်ယူခဲ့တဲ့ ကုမ္ပဏီနဲ့ ဘယ်လို အဆင်ပြေအောင် ဖြေရှင်းပေးမလဲတော့ မသိဘူး'' ဟု ကားပွဲစား တစ်ဦးက ပြောကြားသည်။

မန္တလေး ကားလောက အတွင်း၌ ငွေကျပ် သိန်းပေါင်း လေးသောင်းဝန်းကျင် လိမ်လည် တိမ်းရှောင်ခဲ့သူမှ အောက်တိုဘာ ၁၁ ရက် တွင် အမှတ် (၆) ရဲစခန်းသို့ လာရောက်ဝန်ခံခဲ့ကာ အဆိုပါ ရဲစခန်းမှ ပုဒ်မ ၄၂၀ လိမ်လည်မှုဖြင့် အမှုဖွင့်ခဲ့ပြီး မွန်းလွဲ ၃ နာရီတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here