Thursday, October 10, 2013

အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းတစ်စု ပဋိပက္ခဖြစ်

0 comments


ရန်ကုန်မြို့တော်မှ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ အဓိက ပြေးဆွဲနေသော အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အငှားယာဉ်မောင်း တစ်ဦးကို ဖမ်းဆီးရာမှ အဆိုပါ တပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်း တစ်စုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အငှားယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် (၂) ဝင်းတွင် ခရီးသည် လာရောက် တင်ဆောင်သည့် အငှားယာဉ်မောင်း တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရာ ယာဉ်မောင်းက ပြန်လည် ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက လက်ထိတ်ခတ်ကာ လုံခြုံရေး ရုံးခန်းအတွင်း ခေါ်ဆောင်ခဲ့ကြောင်း၊ အငှားယာဉ်မောင်းကို ဖမ်းဆီးချုပ်နှောင်ပြီး ၁၅ မိနစ်ခန့် အကြာတွင် အငှားယာဉ်မောင်းများ အပါအဝင် လူ ၂၀ ခန့်က ဖမ်းထားသော အငှားယာဉ်မောင်းကို ထုတ်ပေးရန် အော်ဟစ် တောင်းဆိုခဲ့ပြီး ရုံးအတွင်း ဝင်ရောက်ကာ ယာဉ်မောင်းနှင့်တွဲ၍ လက်ထိတ်ခတ် ချုပ်နှောင်ထားသည့် စားပွဲခုံကို ဖျက်ဆီးကာ အဆိုပါ ယာဉ်မောင်းကို ကယ်ထုတ်သွားခဲ့ကြောင်း အဆိုပါ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ အငှားယာဉ်မောင်း ဦးကျော်ကြီးက ရှင်းပြသည်။
“လက်ထိတ် တစ်ဖက်ကိုတော့ လူတွေက ရဲတစ်ယောက်ကို ပြန်ဖြုတ်ခိုင်း လိုက်တယ်။ အမှတ် (၂) ကားအဝင်ဂိတ်မှာ လူ ၁၀ ယောက်လောက်က ဆဲနေကြတယ်” ဟု ၎င်းက ရှင်းပြသည်။

ယာဉ်ရပ်နားစခန်းရှိ ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် ( ၁ ) နှင့် ( ၂ ) ဝင်းအတွင်း ဝင်ရောက်ကာ ခရီးသည် တင်ဆောင်သည့် အငှားယာဉ်မောင်းများကို ဖမ်းဆီး၍ ဒဏ်ငွေရိုက်မှုများ ရှိကြောင်း၊ အဆိုပါ ယာဉ်ရပ်နား စခန်းတွင်းရှိ အငှားယာဉ် အသင်းဝင်သူများကိုသာ ခရီးသည် တင်ဆောင်ခွင့်ပြုပြီး ပြင်ပ အငှားယာဉ်မောင်းများက ခရီးသည်များကို တင်ဆောင်ပါက ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကြောင်း အဆိုပါ ယာဉ်ရပ်နားစခန်းတွင် ညပိုင်း အငှားယာဉ် မောင်းနှင်သူ ကိုပေါက်စက ပြောကြားသည်။
“နိုင်ငံတော်ကို အခွန်ဆောင်ထားတာချင်း အတူတူ အသင်းအဖွဲ့တွေ၊ အုပ်စုတွေဖွဲ့၊ အဲဒီဝင်းထဲမှာ Elite ကလည်း Taxi အစီး ၅၀ လောက်ကို အသင်းပုံစံ လုပ်လာတာဆိုတော့၊ တခြားကား သမားတွေက ဘယ်နား ရှာစားရမှာလဲ” ဟု အဆိုပါ ယာဉ်ရပ်နားစခန်းတွင် အငှားယာဉ် မောင်းနှင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခင်က အဝေးပြေးယာဉ်များ ဆိုက်ရောက်ချိန်တွင် အဆိုပါ အဝေးပြေး ယာဉ်နောက်သို့ အငှားယာဉ်များက အုပ်စုလိုက် လိုက်ပါကြကာ ခရီးသည်လုရာမှ လူသတ်မှု အပါအဝင် ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပွားခဲ့သောကြောင့် ခရီးသည်များအတွက် အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းမှ တာဝန်ရှိသူများက စည်းကမ်းသတ်မှတ်ချက်ဖြင့် အငှားယာဉ်များကို အသင်းအဖွဲ့ပုံစံ ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခု ဖြစ်ပွားခဲ့သည့် ကိစ္စရပ်မှာ အသင်းဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်းကြောင့် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း အဆိုပါ အဝေးပြေးယာဉ် ရပ်နားစခန်းမှ အငှားယာဉ် ဂိတ်အသင်းဝင် ကိုသိန်းထိုက်က ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မင်္ဂလာဒုံ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ ယင်းကိစ္စရပ်အပေါ် အမှုဖွင့်ထားပြီး စစ်ဆေးဆဲ ဖြစ်သောကြောင့် အသေးစိတ်ကို မပြောနိုင်သေးကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here