စာကြည့်တိုက် တစ်တိုက်ပြီးတစ်တိုက် ထွက်ပေါ်လာရမည့်အစား ငါးမန်းဂိမ်းဆိုင်များ အလျိုလျိုထွက်ပေါ် လာနေလေရာ လောင်းကြေးထပ် ကစားနေကြသော လူငယ်လူရွယ်များ၏စိတ်ဓါတ်နှင့်စ ရိုက် ကြမ်းတမ်းခက်ထန် လာကာ လူ့ အသိုင်း အ၀ိုင်းအတွက် အန္တရယ်ရှိနေသည်ကို ၂၀၁၃ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ တွင် ရှမ်းပြည် နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၌ ဖြစ်ပျက်ခဲ့သော အောက်ပါ ဓါးခုတ်မှုက သက်သေထူနေပါသည်။
ကျွန်တော့်နာမည် ‘မိုက်မိုက်’ပါ။
အသက် (၃၁)နှစ်၊ အိမ်ထောင်မရှိ၊ လူပျိုတစ်ယောက်ဆိုပါတော့။
ကျွန်တော့်အလုပ်ရှင် တရုတ်သူဌေးက လားရှိုးမြို့ မှာ ငါးမန်းဂိမ်းဆိုင်တွေ ဖွင့်ထားပါတယ်။
ဒီဆိုင်တွေကို ကြီးကြပ် ဖို့ က ကျွန်တော့်တာဝန်ပေါ့။ မနက် (၉း၀၀) နာရီမှာ ဆိုင်တွေအားလုံး ဖွင့်လှစ်ထားတဲ့ အခြေ အနေတွေ လိုက်ကြည့်ပြီး တာဝန်ကျဝန်ထမ်းတွေကို လိုအပ်တာတွေ ပြောရဆိုရပါတယ်။ ည (၉း၀၀)နာရီအချိန်မှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ငွေသိမ်း၊ ဆိုင်တွေကို စနစ်တကျပိတ်။ ဒါကျွန်တော့်တာဝန်တွေပေါ့။
စက်တင်ဘာ(၂၆) ကြာသပတေးနေ့ ၊ ည (၈း၄၅)နာရီ
ည (၉း၀၀)နာရီမထိုးခင်လေးမှာ ကျွန်တော် ဆိုင်တွေကိုသွား၊ ငွေကောက်၊ စာရင်းပြုစု၊ ဆိုင်သိမ်း တွေလုပ်ပြီး ရပ်ကွက် (၇) ရွှေမိုးပြည့်စုံညောင်ပင်ကြီးအော က်က ဂိမ်းဆိုင်ကို ကျွန်တော်ရောက်သွားတယ်။ ဒီဆိုင်က နောက်ဆုံး တစ်ဆိုင်။ ဒါပြီး ရင် ဒီဆိုင်က ၀န်ထမ်းကောင်မလေး ‘အကျုံ’ ရဲ့ မွေးနေ့ ပွဲကိုသွားရမယ်။ ရပ်ကွက် (၈) က ကျားလော့ KTV မှာလို့  ပြောတာပဲ။
ဆိုင်ထဲဝင်သွားတော့ ရင်ထဲမှာတင်းခနဲဖြစ်သွားတယ်။ ကြည့်ပါဦး။ ဆိုင်စောင့်ဖို့ တာဝန်ရှိတဲ့ အလုပ်သမား ဒီဒီး စက်တစ်လုံးရှေ့ မှာ အခန့် သားထိုင်ပြီး ကစားနေတယ်။ သူ့ ဘေးမှာ ကောင်လေး (၁)ယောက်က ရပ် ကြည့်နေတယ်။ ဒါမျိုး သူဌေးမကြိုက်ဘူး။ ပြောမှဖြစ်မယ် လို့ တွေးမိပြီး
ကျွန်တော်။ ဒီဒီး၊ မင်းက ဆိုင်စောင့်ရတဲ့ဝန်ထမ်းမဟုတ်ဘူး လား။ ဘာဖြစ်လို့ ကိုယ်တိုင်ထိုင်ဆော့နေရတာလဲ။
(ဒီဒီး ကြည့်ရတာ တော်တော်စိတ်တိုသွားပုံပဲ။ သူ့ ဘေးနားရပ်နေတဲ့ ကောင်လေးကို ကွက် ခနဲ မော့ကြည့်ပြီး ဆက်မဆော့တော့ပဲ ကျွန်တော့်ကို ကျောပေးထိုင်လိုက်တယ်။)
ကျွန်တော်။ ဒီဒီး…ငါမေးနေတယ်လေ။ ဘာဖြစ်လို့ ကိုယ်တိုင်ထိုင်ဆော့နေရတာလဲ။
အိုက်မောင်။ ကျွန်တော့် ပိုက်ဆံနဲ့ ဆော့တာမဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်းရဲ့  လက်ကျန်ငွေကိုဆော့ပေးနေတာ။
ကျွန်တော်။ အဲလိုလဲ ဆော့လို့ မရဘူး။ သူ့ ငွေဆိုရင် သူ့ ကိုပဲဆက်ဆော့ခိုင်း။
အဲဒီအချိန်မှာပဲ သူ့ သူငယ်ချင်းကောင်လေးက ဒီဒီးကို ပြောတော့တာပဲ။
ကောင်လေး ၁။ သူကဘယ်သူလဲ။ သူက ဒီဆိုင်ပိုင်ရှင်မို့ လို့ လား။ ပိုင်ရှင်မဟုတ်ရင် ဘာမှလာမပြောနဲ့ လို့ ပြောလိုက်စမ်း ဒီဒီး။
ကျွန်တော်။ (ကောင်လေး)သို့ … ဒီမှာညီလေး။ ဒါမင်းနဲ့ မဆိုင်ဘူး။ ၀င်မပြောနဲ့ ။ ဒါအလုပ်ရှင်နဲ့ ဝန်ထမ်းကဏ္ဍတွေ။ ငါဆိုတာက ဒီဆိုင်တွေအားလုံးကို စီမံခန့် ခွဲနေသူပဲ။ ဒါငါပြောရမယ့်ကိစ္စမို့ ပြောတာ။
အဲဒီကောင်လေးလည်း ကျွန်တော့်ကို မိုက်ကြည့် ကြည့်ပြီး ထွက်သွားတယ်။ ကျွန်တော်လည်း ဒီဒီး ကို (၉း၀၀)နာရီထိုးပြီမို့  ဆိုင်ပိတ်ဖို့ ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော့်ချစ်သူ ကောင်မလေးရယ်၊ ဒီဆိုင်ကပဲ ၀န်ထမ်းကောင်မလေးတစ်ယောက်ရယ် ဆိုင်ကယ်အတူတူ စီးပြီး ‘အကျုံ’ ရဲ့ မွေးနေ့ ပွဲကျင်းပမယ့် ‘ကျားလော့ KTV’ ကို သွားလိုက်ကြတယ်။
ည (၉း၄၀)နာရီ
ကျားလော့ KTV ကိုရောက်သွားတော့ တစ်ခြားသူငယ်ချင်းတွေက ရောက်နှင့်နေကြပြီ။ မွေးနေ့ ရှင် ‘အကျုံ’ ကတော့ ဓါတ်ပုံတွေရိုက်လိုက်၊ လက်ဆောင်တွေလက်ခံလိုက်၊ ရယ်လိုက်မောလိုက်နဲ့  ပွဲရှိန်က တော်တော်တက် နေပြီ။ ကျွန် တော် KTV အခန်းတွေထဲကိုသွားပြီး သူငယ်ချင်းတွေကို နုတ်ဆက်တယ်။ ပြီးတော့ ဖုန်းပြောစရာရှိလို့  ကျားလော့ KTV ၀င်းထဲကို ပြန်ထွက်လာတယ်။
ဖုန်းကိုငုံ့ ကြည့်နေတဲ့ ကျွန်တော် ခေါင်းမှာ ပူခနဲဖြစ်သွားပြီး စေးထန်းထန်းအရည်တွေ မျက်နှာပေါ်ကို စီးကျလာတော့
‘ဟာ… ငါဘာဖြစ်သွားတာပါလိမ့်’ ပေါ့။
ပြီးတော့ ရိပ်ခနဲမြင်လိုက်ရတဲ့ ဓါးရှည်ရယ်… လူရိပ်တွေရယ်ကိုကြည့်ပြီး
ကျွန်တော့်ကို ဓါးနဲ့ ခုတ်နေပြီ ဆိုတာ သိလိုက်တယ်။
ဆိုင်ကယ်စီးတဲ့အခါမှာ ဖုန်ကာတဲ့မျက်နှာဖုံးမျိုးစွပ်ထားတဲ့ ဓါးခုတ်သမားက
ကျွန်တော့်ကို ရှေ့ တည့်တည့်ကနေ နောက်တစ်ချက်ခုတ်တယ်။
ကျွန်တော် ဖုန်းကိုင်ထားတဲ့ ညာဘက်လက်နဲ့  ကာလိုက်တော့ လက်ကို ထိသွားတာ ပေါ့။
လက်ကလန်သွားပြီး ဖုန်းလည်း ပြုတ်ကျသွားတယ်။
ဒီလူက ကျွန်တော့် ခေါင်းကို ဆက်ခုတ်တယ်။
ဒီတစ်ခါ ကျွန်တော် ဘယ်ဖက်လက်နဲ့  ကာလိုက်တော့ ကျွန်တော့်လက်က
လက်ကောက်ဝတ်ကနေ ပြတ်ကျသွား တယ်။ ဒါပေမယ့် တန်းလန်းလေးပဲ။
ကျွန်တော်လည်း ခုနက အခုတ်ခံထားရတဲ့ ညာဖက်လက်နဲ့  ပြတ်ကျနေတဲ့
ကျွန်တော့်လက်ကို ပြန်ဖိဆက်ထားဖို့ ကြိုးစားတယ်။ ဒီအချိန်မှာ ခေါင်းက
ဓါးဒဏ်ရာကနေစီးကျလာတဲ့သွေးတွေက မျက်လုံးဖွင့်ရ ခပ်ခက်ခက် ဖြစ်နေပြီ။
လက်နှစ်ဖက်လုံးကသွေးတွေကလည်း ကျွန်တော့်ကိုယ်ပေါ်မှာ ရွှဲနေပြီ။
ဒီလူက ခေါင်းကို ထပ်ခုတ်ပြန်တယ်။ ကျွန်တော်က ညာဖက်လက်နဲ့  ဘယ်ဘက်
လက်ကောက်ဝတ်ကို ဆက်ဖို့ ကြိုးစားနေတာဆိုတော့ ဘယ်တံတောင်ကိုပဲ
မြှောက်ပြီးကာလိုက်တာ ဓါးက တံတောင်ဆစ်ရိုးကို ‘ဖျောက်’ခနဲ ခုတ်ချလိုက်တာ
တံတောင်ဆစ်နေရာမှာပါ ထပ်ပြတ်သွားတယ်။
အဲဒီအချိန်မှာ ဒီဓါးသမားထွက်ပြေးတော့တာပဲ။ ကျွန်တော်ကြည့်လိုက်တော့
ပြေးတဲ့လူက (၂)ယောက်။ ဝေါခနဲဆိုင်ကယ်ထွက်သွားသံကြားလိုက်တယ်။
ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်ထင်တာပဲ။
ကျားလော့ KTV ဆိုင်ရှင်ဦးလေးကြီးလည်း ပြေးထွက်လာပြီးကြည့်တယ်။
ဒါပေမယ့် အဖြစ်အပျက်က မြန်လွန်းတယ်။ စက္ကန့် ပိုင်းအတွင်း ကျွန်တော့်
ခေါင်းနဲ့  လက်(၂)ဖက်မှာ ဓါးဒဏ်ရာ (၄)ချက်ရထားပြီ။ ခေါင်းမူးပြီး မျက်လုံး
ပြာလာတယ်။ ကျွန်တော် သွေးထွက်လွန်တော့မယ်။
ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံးမြင်ပြီး ကြက်သေ သေနေတဲ့
မွေးနေ့ ပွဲလာ ပရိတ်သတ်များကို ကျွန်တော် အကူအညီ တောင်းလိုက်တယ်။
ကျွန်တော်။ ‘ကားပါတဲ့သူရှိရင် ကျွန်တော့်ကို ဆေးရုံပို့ ပေးကြပါဗျာ’
ကျွန်တော်ဒီလောက်ပဲ ပြောနိုင်တော့တယ်။ သူတို့ တစ်တွေလည်း အ၀တ်စတွေ
ရှာပြီး သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ဓါးဒဏ်ရာတွေကို အုပ်စည်းပေးကြတယ်။
ပြီးတော့ ကားတစ်စီးနဲ့ ကျွန်တော့်ကို လားရှိုးပြည်သူ့ ဆေးရုံ၊ အရေးပေါ်ဌာန
ပို့ ပေးကြတယ်။
(၁၀း၃၀)နာရီ
သွေးရဲရဲသံရဲရဲနဲ့  ကျွန်တော့်ကို မြင်မြင်ချင်းပဲ ဆေးရုံက တာဝန်ကျဆရာဝန် နဲ့ 
သူနာပြုဆရာမများက ၀ိုင်းဝန်းရှေးဦးသူနာပြုစုပေြး ကတယ်။ ကျွန်တော် သတိ
မလစ်ခဲ့ဘူး။ သူနာပြုဆရာမများကို ကျွန်တော် အားကိုးတကြီးပြောတယ်…….
ကျွန်တော့်လက်ကို ပြန်ဆက်ပေးကြပါ…လို့ ။
ဒါပေမယ့် တာဝန်ကျ သူနာပြုဆရာမများရော တာဝန်ကျဆရာဝန်ကပါ ဒီ လက်
ပြန်ဆက်မယ့်ကိစ္စကို မဖြေရှင်းပေးနိုင်ခဲ့ဘူး။
ခွဲစိပ်ကုသဆရာဝန်ကြီး ရောက်လာမှာပါလေလို့ တွေးရင်း ကျွန်တော် အားတင်းထားတယ်။
လောလောဆယ်တော့ ပြတ်လုနီးပါးဖြစ်နေတဲ့ ကျွန်တော့်လက်ကို ဒီအတိုင်းပဲ တေ့ဆက်ပြီး
ပတ်တီးစည်းပေးတယ်။ အခြားဒဏ်ရာတွေကိုရောပေါ့။ ပြီးတော့ အကိုက်အခဲပျောက်ဆေးတွေ ထိုးပေးကြတယ်။
ည (၁၀း၄၀)နာရီ
ကျွန်တော့် အစ်ကိုရောက်လာတယ်။ ကျွန်တော့်လက်ကို ချက်ခြင်းပြန်ဆက်ပေးဖို့  ပြောသံကြားနေရတယ်။ ခွဲစိပ်ကုဆရာဝန်ကြီးလာကြည့်မှပဲ သိမယ်လို့ ပြန်ဖြေသံတွေ ကြားနေရတယ်။
ည (၁၁း၃၀)နာရီ
အချိန်တွေကြာနေပြီ။ ခွဲစိပ်ကုဆရာဝန်ကြီးမလာသေးဘူး။ ဒီအတိုင်းဆိုရင် ကျွန်တော့်ညီရဲ့ လက်တစ်ဖက်ဆုံးရှုံးရတော့မယ်။ ကျွန်တော် ဒီမှာမရနိုင်ရင် မန္တလေးဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ် ခေါ်သွားချင်တယ်။ လုပ်ပေး နိုင်မလား… လို့  ကျွန်တော့်အစ်ကိုက မေးနေသံကို ကြားရတယ်။
‘ဒီပုံစံနဲ့  ခေါ်သွားရင် လမ်းမှာသွေးထွက်လွန်သွားနိုင်တယ်… မလုပ်ပါနဲ့ ’ လို့  ဆရာဝန်က ပြောသံကြားတယ်။ မလာခဲ့ပါဘူး။ ခွဲစိပ်ကုဆရာဝန်ကြီး ပေါ်မလာခဲ့ပါဘူး။
နောက်ရက် မနက် (၈း၃၀)နာရီခန့် မှ ရောက်လာပြီး ကျွန်တော့်လက်ကို ဖြတ်ပစ်ရမယ် လို့  ပြောပါတယ်။
ဓါးသမားရဲ့ လက်ချက်ကြောင့် လက်ကောက်ဝတ်ကနေ တည်းတည်းလေးပဲကျန်အောင် ပြတ်ထားတဲ့ ကျွန်တော့် လက်… အဲဒီညမှာ ခွဲစိပ်ကုဆရာဝန်ကြီး ချက်ခြင်းလာကြည့်ပေးရင် ပြန်ဆက်လို့ ရတန်ကောင်းရဲ့ …ဆိုတဲ့ အတွေး နဲ့  ကျွန်တော် ကြေကွဲဆို့ နင်သွားတယ်။
ကျွန်တော်ဟာ အားလုံးနဲ့ သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံတဲ့ လူတစ်ယောက်ပါ။
ကျွန်တော် ဘယ်သူနဲ့ မှ ရန်ငြိုးလည်းမရှိ၊ ပြဿနာလည်းမဖြစ်ခဲ့ဖူးပါဘူး။
အခုတော့ ကျွန်တော့် လက် အကောင်းကြီးရှိရာကနေ ဖြတ်ပစ်လိုက်ရပြီ။
ကျွန်တော် လက်တစ်ဖက် ဆုံးရှုံးလိုက်ရပြီ။
ဒါ… ကျွန်တော့် ဘ၀ ဆုံးရှုံးသွားသလိုပါပဲ။ ဘာမှ မထူးတော့ပါဘူး။
အဲဒီ စက်တင်ဘာ(၂၆)ညမှာပဲ လားရှိုး မြို့ မရဲစခန်းကနေ ‘ဒီဒီး’ ကို ကျွန်တော်နဲ့  ကတောက်ကဆဖြစ်ခဲ့တဲ့ ကောင်လေးရဲ့ အိမ်ကို လိုက်ပြခိုင်းပြီး ဓါးခုတ်တရားခံလို့ ယူဆရသူ တစ်ဦးကို ညတွင်းချင်း ဖမ်းမိထားတယ် လို့  သိရပါတယ်။ ကျွန်တော့်ကို ဓါးနဲ့ ခုတ်သူက ငါးမန်းဂိမ်းဆိုင်မှာ ကျွန်တော်နဲ့ ကတောက်ကဆဖြစ်ခဲ့တဲ့ ကောင်လေး နဲ့ အတူလာခဲ့တာမှန်တယ် လို့  မျက်မြင်သက်သေများက ပြောပါတယ်။
++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++ ++++++++++++++
စာရေးသူသည် ‘မိုက်မိုက်’ ထံသို့  အကြိမ်ကြိမ် သွားရောက်ခဲ့၏။
ငယ်ရွယ်နုနယ်သော သူ့ မျက်နှာကို ငေးကြည့်ရင်း မည်ကဲ့သို့ သော
အမှားကြောင့် ယခုကဲ့သို့  တစ်သက်တာ ဒုက္ခိတဖြစ်သည်အထိ ခံစား
ရသနည်း… ဟု မိမိကိုယ်ကို မေးခွန်းအကြိမ်ကြိမ် မေးမိ၏။
လက်တစ်ဖက်မရှိတော့သည့် သားဖြစ်သူကို ကြေကွဲဆို့ နင်စွာ ငေးကြည့်
နေကြသော တိုးတိုး ၏ မိဘ (၂)ပါး…
မိမိ ညီကို အကာအကွယ်မပေးနိုင်ခဲ့သဖြင့် ဦးခေါင်းငိုက်စိုက်ချလျက်
စကားကို အားယူပြောနေရသော မိုက်မိုက် ၏ အစ်ကို ‘ထွန်းထွန်းနိုင်’…
မျက်နှာကျက်ကို တွေဝေစွာ ငေးကြည့်နေသော မိုက်မိုက်…
ကျွန်တော် သွားခဲ့သမျှ တစ်ကြိမ် တစ်ခါမှ မမြင်ခဲ့ရသော မိုက်မိုက် ၏ ချစ်သူ…
…လေးတွဲ့ သော ခြေလှမ်းများဖြင့် လားရှိုးပြည်သူ့ ဆေးရုံ၊ ခွဲစိပ်ကုသဆောင်မှ
ထွက်ခွာခဲ့မိ၏… သို့ သော်… နောက်နေ့ လည်း ကျွန်တော် လာရဦးမည် ဆိုသည်ကို
ကြိုသိနေမိ၏။
လောင်းကြေး သိန်းချီရှိနေပြီး ရှုံးမဲမဲကာ စရိုက်ကြမ်းစေသည့် ငါးမန်းဂိမ်းဆိုင်များကို သက်ဆိုင်ရာမှ ဟန့် တားကာ
လူငယ်များ၏ အနာဂါတ်ကို ပြုပြင်တိုးတက်စေမည့် စာကြည့်တိုက်များ၊ အားကစားစင်တာများ၊ အသက်မွေး ၀မ်းကျောင်းသင်တန်းများ ကို ဖော်ထုတ်နိုင်ပါစေ ဟုလည်း တိတ်တဆိတ် ဆုတောင်းနေမိပါသည်။
သမန်းကျား
သတင်းစာဆရာများကွန်ရက် ရှမ်း/မြောက်