Tuesday, October 29, 2013

မြေနီကုန်းနှင့် ရှင်စောပု မီးပွိုင့်များကို ဖြတ်ကျော် ခုံးတံတားထိုးရန် ဂျပန်ထံမှ ငွေချေးယူမည်၊ ယခင် ခုံးကျော်များကဲ့သို့ လက်သင့်ရာ မဟုတ်ဘဲ တင်ဒါခေါ်ယူပြီးမှ ဆောက်လုပ်ခွင့် ပြုရန်လို

0 comments
29-10-2013

ဂျပန်နိုင်ငံမှ ချေးငွေရရှိရန် ဆောင်ရွက်ပြီး အဆိုပါ ချေးငွေဖြင့် မြေနီ ကုန်းနှင့် ရှင်စောပု မီးပွိုင့် များအား ဖြတ်ကျော် ခုံး တံတားထိုးရန် စီစဉ်လျက် ရှိကြောင်းနှင့် ချေးငွေရရှိရန် အတွက်လည်း မြန်မာ- ဂျပန် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌက တာဝန်ခံ လုပ်ဆောင်ပေးမည်ဟု သတင်းရရှိသည်။

ရန်ကုန်မြို့၌ မြို့ပတ်ရထား ပြေးဆွဲရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုအား အနည်းနှင့်အများ ဖြေလျှော့နိုင် မည့် မြေနီကုန်းနှင့် ရှင်စောပု မီးပွိုင့်တို့ကို ဖြတ်ကျော်ကာ ခုံးတံတား ထိုးမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr.Hideo Watanabe တို့ အောက်တိုဘာလ အတွင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးစဉ် မြေနီကုန်းနှင့် ရှင်စောပု မီးပွိုင့်များကို ဖြတ်ကျော်၍ တံတားထိုးရန်အတွက် အကူအညီ ရရှိရေးကို တောင်းခံလာသည် ဆိုပါက ဂျပန်အစိုးရနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများကို ညှိနှိုင်း ကာ ချေးငွေရရှိအောင် ဆောင်ရွက်ပေးမည်ဟု Mr.Hideo Watanabe က ဆွေးနွေးခဲ့သည်ဟု သိရသည်။

လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော်များအား တည်ဆောက်ခွင့် ချပေးသကဲ့သို့ လက်သင့်ရာ ကုမ္ပဏီများအား ချထားပေးခြင်း မပြုဘဲ တင်ဒါခေါ်ယူပြီးမှ အင်အားတောင့်တင်းစွာဖြင့် တည်ဆောက်နိုင် မည့်၊ နည်းပညာ မြင့်မားစွာဖြင့် တည်ဆောက်နိုင်မည့် ကုမ္ပဏီများကို ယှဉ်ပြိုင်ခေါ်ယူ ရွေးချယ်ကာ တည်ဆောက်ခွင့် ချပေးသင့်ကြောင်း....

ထိုကဲ့သို့ ဂျပန်နိုင်ငံဘက်မှ ချေးငွေရရှိရေး ဆောင်ရွက်ပေးမည့်သူများ ရှိနေသဖြင့် ရန်ကုန် တိုင်း ဒေသကြီး အစိုးရအနေဖြင့် မြေနီ ကုန်းဖြတ်ကျော် ခုံးတံတားအတွက် ဂျပန်နိုင်ငံအစိုးရထံမှ အရေးပေါ်ချေးငွေ ရရှိရေး ဆောင်ရွက်နိုင်ရန် စီစဉ်လုပ်ဆောင်လျက် ရှိကြောင်း၊ ဂျပန်နိုင်ငံ ဆောက် လုပ်ရေး ၀န်ကြီးဌာနသို့ စာရေးသား ဆက်သွယ်ကာ ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် အတိုးနှုန်း မရှိသလောက် နည်းပါးသော ချေးငွေများကို ဆက်တိုက် ထုတ်ချေးပေးလျက် ရှိခြင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌမှ ညှိနှိုင်းဆောင် ရွက်ပေးမည့် အစီအစဉ်ဖြစ်ခြင်း၊ အများနှင့် သက်ဆိုင်သည့် အခြေခံ အဆောက် အအုံ ဖြစ်ခြင်းတို့ ကြောင့် မြေနီကုန်းနှင့် ရှင်စောပုမီးပွိုင့် ဖြတ်ကျော် ခုံးတံတား ထိုးရန်အတွက် ဂျပန်နိုင်ငံ ထံမှ ငွေချေး ယူမှုမှာ ရရှိနိုင်မည့် အလားအလာ များစွာရှိကြောင်း၊ အတိုးနှုန်းမှာ မရှိသလောက် နည်းပါးသည့် အတွက် ချေး ယူ သင့်သည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

အကယ်၍ ချေးငွေ ရရှိလာသည့် အခါတွင် တည်ဆောက်တော့မည် ဆိုပါက လှည်းတန်း၊ ဘုရင့်နောင် ၊ ရွှေဂုံတိုင် ခုံးကျော်များအား တည်ဆောက်ခွင့် ချပေးသကဲ့သို့ လက်သင့်ရာ ကုမ္ပဏီများအား ချထားပေးခြင်း မပြုဘဲ တင်ဒါခေါ်ယူပြီးမှ အင်အားတောင့်တင်းစွာဖြင့် တည်ဆောက်နိုင်မည့်၊ နည်းပညာ မြင့်မားစွာဖြင့် တည်ဆောက်နိုင်မည့် ကုမ္ပဏီများကို ယှဉ်ပြိုင်ခေါ်ယူ ရွေးချယ်ကာ တည်ဆောက်ခွင့် ချပေးသင့်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ယခင်ခုံးကျော်များ တည်ဆောက်စဉ်က လက်သင့်ရာပေးပြီး နိုင်ငံတော် သမ္မတရုံးဝန်ကြီး အကြိမ်ကြိမ် ပြောင်းလဲ ပြောကြားခဲ့သည့် ပြီးစီးရမည့် အချိန်အထိ တည်ဆောက်ပြီးစီးမှု မရှိသောကြောင့် အများပြည်သူတို့ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုခံစားခဲ့ရပြီး ဘုရင့်နောင် မီးပွိုင့်ကိုဖြတ်၍ လှိုင်သာယာဘက်သို့ သွားလာရသည့် အများပြည်သူများ နာရီပေါင်းများစွာ အချိန်ကုန်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here