Monday, October 14, 2013
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံ
Categories :
၁၄.၁၀.၂၀၁၃၊ တနင်္လာနေ့
တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူးလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ချန်ဒူးလေဆိပ်သို့ ရောက်ရှိစဉ် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် FAO ညွှန်ကြားရေးမှူးချုပ် Major General Guan Youfei၊ ချန်ဒူးစစ်ဒေသမှ ဒုတိယ စစ်ဦးစီးချုပ် Major General Zhang Bin နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Xiong Shaowei တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် ချန်ဒူးစစ်ဒေသမှူး Lieutenant General Li Zuocheng တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ချန်ဒူးလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် စီချွမ်ပြည်နယ် ဂျိုဟွမ်လေဆိပ်သို့ ရောက်ရှိခဲ့ရာ လေဆိပ်၌ စီချွမ်ပြည်နယ် အာဘပြည်နယ်ခွဲ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ Wang Ming Hui နှင့် အာဘစစ်ဒေသခွဲမှူး Senior Colonel Liu Gui Zhong တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ဂျိုဟွမ်လေဆိပ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ညနေငါးနာရီခွဲတွင် ကျိုဇိုက်ကုပ်မြို့သို့ ရောက်ရှိခဲ့သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၂ ရက် နံနက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း၌ တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ် လုပ်ငန်းများကို လေ့လာခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူး၊ ကျိုဇိုက်ကုပ်၊ ပေကျင်း၊ ဟိုင်နန် စသည့်မြို့များ အပါအ၀င် တရုတ်နိုင်ငံ၏ ထင်ရှားသော နေရာများကို လေ့လာခြင်းနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပညာတော်သင်များအား တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)