Sunday, October 13, 2013

ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြေ့ တည်းခိုခန်းတွင် တည်းခိုသူများကို တောင်ငူ မြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်

0 comments
တောင်ငူ၊ အောက်တိုဘာ ၁၂
လူနစ်ဦး သေဆုံးခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် လိုအပ်သော စစ်ဆေး အရေးယူမှု များ ပြုလုပ်နိုင်ရန် တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူများကို တောင်ငူမြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်ထားကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများနင့် အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ပြောကြားသည်။
တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးနင့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“ကျွန်တော်က ပေါက်ကွဲသံကြားလို့ အခန်းအပြင် ထွက်ကြည့်တော့ အခန်းတံခါးတွေ ကျိုးပဲ့ပျက်စီးနေပြီး လူတစ်ယောက်က ခုံကျိုးတွေကြားမှာ သွေးတွေ အိုင်ထွန်းပြီး လဲကျနေပါပြီ။ ပထမတော့ မိုးကြိုးပစ်တယ်လို့ ထင်တာ။ မိုးတွေကလည်း ရွာနေတော့” ဟု အခင်းဖြစ်ပွားရာ တည်းခိုခန်း အခန်းအမှတ် ၃ တွင် ရန်ကုန်မြို့မှ လာရောက် တည်းခိုနေထိုင်သူ ဦးဝေသိန်းက ရှင်းပြသည်။
လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ မီးရထားရဲတပ်သား အသက် ၂၉ နှစ်အရွယ်ရှိ ဦးနေမျိုးကျော် ဆိုသူသည် အခင်းဖြစ်ပွားရာ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်း ၆ /B တွင် ရှိနေပြီး ညောင်လေးပင်မြို့မှ လာရောက် တည်းခို နေထိုင်သူ အသက် ၂၄ နှစ် အရွယ်ရှိ ဒေါ်ယုခိုင်နှင့် အသက် ၂၇ နှစ်အရွယ် ဒေါ်ငြိမ်းသူဆိုသူတို့ နှစ်ဦးသည် အခန်း ၆ တွင် ရှိနေစဉ် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မီးရထား ရဲတပ်သား နေမျိုးကျော်မှာ အခင်းဖြစ်ပွားရာ နေရာ ၌ သေဆုံးခဲ့ပြီး ဒေါ်ယုခိုင် ညောင်လေးပင်မြို့နယ် မြို့မ (၄) ရပ်ကွက် နေသူမှာ လည်း တောင်ငူ ပြည်သူ့ ဆေးရုံကြီးကို တင်ပို့ ကုသနေစဉ် အဆိုပါည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင်သေဆုံး ခဲ့ကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
“လုံခြုံရေး အင်အားတွေ အခုရက်ပိုင်းမှာ တိုးချဲ့ထားတာပဲ။ အခုဖြစ်စဉ်က ဖြူး ဗုံးတွေတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နိုင်ပါတယ်။ ဖြစ်တာက နှစ်ရက်လောက်ပဲ ကွာနေတယ်” ဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးက သုံးသပ် ပြောကြားသည်။
အခင်းဖြစ်ပွားသည့် နေ့တွင် ချမ်းမြေ့ တည်းခိုခန်း၌ လာရောက် တည်းခိုနေသူ ၁၁ ဦးခန့် ရှိနေပြီး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသမီးနှင့် အဖော်ဖြစ်သူ ဒေါ်ငြိမ်းသူတို့ နှစ်ဦးသည် အဆိုပါ တည်းခိုခန်းတွင် လာရောက် တည်းခိုလေ့ရှိပြီး မည်သည့် အလုပ်လုပ်သည်ကို မသိရဘဲ ကျန်တည်းခိုနေသူ အများစုမှာ ကုမ္ပဏီ ဝန်ထမ်းများသာ ဖြစ်ကြောင်း အဆိုပါ တည်းခိုခန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တောင်ငူမြို့ မြို့မရဲစခန်းက (ပ)၅၃၅/၂၀၁၃ ပေါက်ကွဲစေ တတ်သော အက်ဥပဒေပုဒ်မ -၃ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး တောင်ငူခရိုင် ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း စာတိုက်ရုံးရှေ့တွင် ရပ်တန့်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်တင် ကားတစ်စီးပေါ်တွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့် က ပေါက်ကွဲနိုင်သေးသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ပြီး တောင်ငူမြို့နယ် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၁) မှ ဖြူးမြို့ နယ်မြေခံတပ်ရင်းသို ပို့ဆောင်ကာ ဖျက်ဆီး ပစ်ခဲ့ရသေးကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

ဇေယျာကို (တောင်ငူ)
The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here