Monday, October 14, 2013

ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်

0 comments


14.10.2013

လမ်းလျှောက်ခြင်းနှင့် ရေရှည် ကျန်းမာရေး အကျိုးသက်ရောက်မှု ဆက်စပ် ပုံကို ပထမဆုံးအကြိမ် အနုစိတ် လေ့လာပြီးနောက် အမျိုးသမီးများအတွက် အသက်အရွယ် ကြီးရင့်ချိန်တွင် ရင်သား ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ ချပေးနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်အမျိုးသမီးများ အနေဖြင့် လမ်း များများ လျှောက်ခြင်းဖြင့် ရင်သားကင် ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသီများက အကြံပြု ပြော ကြားလိုက်သည်။ လမ်းလျှောက်ခြင်းနှင့် ရေရှည် ကျန်းမာရေး အကျိုး သက်ရောက်မှု ဆက်စပ်ပုံကို ပထမဆုံးအကြိမ် အနုစိတ် လေ့လာပြီးနောက် အမျိုးသမီးများအတွက် အသက်အရွယ် ကြီးရင့်ချိန်တွင် ရင်သားကင် ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အသက်(၅၀)ကျော် အရွယ်သည် အမျိုးသမီးများ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အမြင့် ဆုံး ကာလအပိုင်း အခြား ဖြစ်သော်လည်း တစ်နေ့လျှင် တစ်နာရီမျှ လေ့ကျင့်ခန်းယူ လမ်းလျှောက်ပေးခြင်းဖြင့် ကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို (၁၄)ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း သိရှိရသည်။

အကယ်၍ လေ့ကျင့်ခန်းယူ လမ်းလျှောက်မှုကို အားနှင့်မာန်နှင့် အချိန်ပေး လုပ်ဆောင်ပါက ရင်သားကင်ဆာ ဖြစ်နိုင်ခြေသည် (၂၅)ရာခိုင်နှုန်းမျှထိ ကျဆင်းနိုင်ကြောင်းလည်း သုတေသီများက ဆိုသည်။ အမေရိကန် ကင်ဆာ အဖွဲ့ကြီးက လွန်ခဲ့သော (၁၇)နှစ်အတွင်း အမျိုးသမီး (၇၃၆၁၅)ဦး ၏ နေထိုင်ဖြတ်သန်းမှု ပုံစံများကို သုတေသန ပြုခဲ့ကြသည်။ ယင်းတို့အနက် ရင်သားကင်ဆာ ရောဂါရှိနေ သူ (၄၇၆၀) ပါဝင်သည်။ လေ့လာမှု မှတ်တမ်းများတွင် တစ်ပတ်လျှင် (၇)နာရီမျှ လမ်းလျှောက်လေ့ရှိ သည့်အမျိုးသမီးများသည်ရင်သားကင်ဆာ ဖြစ်နိုင်ခြေ(၁၄)ရာခိုင်နှုန်းမျှ လျော့နည်းနေသည်ကို
 ဖော်ထုတ် တွေ့ရှိခဲ့သည်။

လေ့ကျင့်ခန်းယူ လမ်းလျှောက်မှုကို အလေးအနက် လုပ်ဆောင်လေ့ရှိသည့် အမျိုးသမီးများတွင်မူ ကင်ဆာဖြစ်နိုင်ခြေ ယခုထက် ပိုမိုသိသာစွာ လျော့ကျသွားကြောင်းလည်း ယင်းအဖွဲ့ကြီးမှာ ဒေါက်တာ အယ်လ်ပါပက်တဲလ်က ပြောကြားခဲ့သည်။ "အဓိက ကျတာကတော့ ကာယလှုပ်ရှားမှုနဲ့ အသက်အရွယ် ကြီးရင့်လာချိန်မှာ ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ အလားအလာတို့ကြား ခိုင်မာတဲ့ ဆက်နွယ်မှု ရှိနေတယ် ဆိုတာပါပဲ။ လမ်းလျှောက် လေ့ကျင့်ခန်းတွေလို ကာယ လှုပ်ရှားမှုတွေဟာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ အားကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိနေပါတယ်"ဟု ဒေါက်တာ ပက်တဲလ်က ရှင်းပြခဲ့သည်။

၎င်းက ဆက်လက်၍ "အချက်အလက်ပိုင်းအရ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ဟာ ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ တကယ်တော့ လက်တွေ့ လူနေမှု ဘဝမှာ လူတော်တော်များများဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်မျိုး ရရှိဖို့ အခက်ကြုံနေရတတ်တယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ထိရောက်စွာ အဟန့်အတား ဖြစ်စေကြောင်း ယခင်ကတည်းက သုတေသီအချို့က လက်ခံယုံကြည်ထားသည်။

"ကျွန်မတို့ရဲ့ တွေ့ရှိချက်ကတော့ တစ်နေ့ကို နာရီဝက်လောက် ကိုယ်လက်လှုပ်ရှား လုပ်ဆောင်မှုတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို (၂၀)ရာခိုင်နှုန်းထိ ကျဆင်းစေပါတယ်။ သွေးခုန်နှုန်းကို မြင့်တက်လာစေတဲ့ ဘယ်လို လေ့ကျင့်ခန်းမျိုးမဆို ပုံမှန်လုပ်ဆောင်နေခြင်းက ရေရှည်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာပါပဲ။ အလွယ်ဆုံး နည်းလမ်းကတော့ ခပ်သွက်သွက် လမ်းလျှောက်တာမျိုးပေါ့။ လွယ်ကူသလို ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုးကြွမှုကိုလည်း အပြည့်အဝ အထောက်အကူ ပေးနိုင်ပါတယ်"ဟု Breakthrough ရင်သားကင်ဆာ ဌာနမှ ဒေါက်တာ ဟန်နာဘရစ်ဂ်ျက ပြောဆိုခဲ့သည်။

ဗြိတိန် ရင်သားကင်ဆာ တိုက်ဖျက်ရေး လှုပ်ရှားမှု ဌာနမှ ဒယ်လစ်သ် မော်ဂန်က "ဒီတွေ့ရှိချက်တွေ အားလုံး စုပေါင်းလိုက်တဲ့အခါ အမျိုးသမီးတွေ အနေနဲ့ နေ့စဉ် လူနေမှု ဘဝမှာ လမ်းလျှောက်တာမျိုး၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ဆောင်တာမျိုး ဖြည့်စွက်သင့်ကြောင်း တွန်းအားတစ်ရပ် ဖြစ်လာပါတယ်။ အခွင့်အလမ်း နည်းနည်းလေးပဲ ဖြစ်နိုင်တယ် ဆိုဦးတော့၊ နေ့စဉ်နေ့တိုင်း ပုံမှန် အလေ့အကျင့် ဖြစ်သွားရင် ကင်ဆာကို တိုက်ဖျက်ဖို့ အထောက်အကူ ရှိလာမှာပါ"ဟု မှတ်ချက်ပြုသွားသည်။ ယခုတွေ့ရှိမှု သုတေသန ရလဒ်ကို Biomakers and Prevention ဆေးပညာ ဂျာနယ်တွင် အသေးစိတ် ပုံနှိပ်ဖော်ပြခဲ့သည်။

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here