Thursday, October 10, 2013

ရှစ်လေးလုံးတွင် ကျဆုံးခဲ့သည့် မ၀င်းမော်ဦး အတ္ထုပ္ပတ်္တိရုပ်ရှင်ကို ကျပ်သိန်းပေါင်း ငါးထောင် အကုန်အကျခံ ရိုက်ကူးမည်

0 comments
10.10.2013

ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးခဲ့သည့် မ၀င်းမော်ဦး၏ အတ္ထုပ္ပတိ္တရုပ်ရှင်အား ကျပ်သိန်းငါးထောင် အကုန်အကျခံကာ ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာအဏ်ထော်ဏီက မဇ္ဈိမသို့
ပြောကြားလိုက်သည်။

မ၀င်းမော်ဦးသည်ကျဆုံးချိန်တွင် အသက် ၁၆ နှစ်အရွယ်သာရှိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကိုကိုင်ဆောင်ကာ ချီတက်ခဲ့သူဖြစ်သည်။ အာဏာပိုင်များက ပစ်ခတ်ရာတွင် အခြားဆန္ဒပြသူများက ၀ပ်ရန်တိုက်တွန်းခဲ့သော်လည်း သူမ ၀ပ်ပါက ဗိုလ်ချုပ်လည်း ၀ပ်ရမည်ဖြစ်သည့်အတွက် ဗိုလ်ချုပ်အား အညံ့ခံခြင်း မဖြစ်စေရန် မ၀ပ်တွားခဲ့သူဖြစ်ခြင်း၊ ကွယ်လွန်ခါနီးကာလတွင် ဒီမိုကရေစီရရှိမှသာ သူမအား အမျှဝေရန် မှာကြားခဲ့ခြင်းစသည့် ထူးခြားသည့် ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်သူ ကျောင်းသူတစ်ဦး ဖြစ်ခြင်းကြောင့် မှတ်တမ်းရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးရခြင်းဖြစ်သည်။

“ဆန္ဒဖော်ထုတ်စဉ်က အသုံးပြုခဲ့ကြတဲ့ ခေါင်းစည်းတွေ၊ လက်ပတ်တွေ၊ ဗိုလ်ချုပ်ရဲ့ဓာတ်ပုံကို ကိုင်ပြီး ဆန္ဒပြခဲ့တဲ့အတိုင်း ပြန်ပြီး ရိုက်ကူးပါမယ်။ ဒီဇာတ်ကားကို ထိုင်းနိုင် GEAR HEAD ကုမ္ပဏီမှ ရိုက်ကူးရေးနဲ့ဆိုင်တဲ့ နည်းပညာပိုင်းကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ ဟောလိဝုဒ်မှာ သုံးစွဲနေတဲ့ ကင်မရာအပါအ၀င် ဆက်တင်တွေ အသုံးပြုရမှာဖြစ်တဲ့အတွက် ခန့်မှန်းကုန်ကျငွေက ကျပ်သိန်း ၅၀၀၀ လောက် ရှိပါတယ်”ဟု ဒါရိုက်တာ အဏ်ထော်ဏီက မဇ္ဈိမသို့ ပြောသည်။

ယင်းဇာတ်ကား၏ အဖွင့်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်မှ အာဏာသိမ်းယူသည့် စကားသံဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းအာဏာသိမ်းသည့် အသံဖိုင်ကို မြန်မာ့အသံမှ အကူအညီတောင်းခံကာ ထည့်သွင်းမည်ဖြစ်သည်။

မ၀င်းမော်ဦးသည် မဟုတ်မခံစိတ်ရှိသူ၊ မိမိအောက်ငယ်သော မောင်နှမများအပါအ၀င် ကလေးငယ်များအား ပညာတတ်ဖြစ်စေချင်သူ၊ ကျောင်းတက်ရင်း အားလပ်ချိန်များတွင် ဈေးရောင်းကာ မိသားစုဝမ်းရေးအား တတ်စွမ်းသမျှ ဖြည့်ဆည်းပေးတတ်သူစသည့် ထူးခြားချက်များကို ပေါ်လွင်အောင် ထည့်သွင်းရိုက်ကူးမည်ဖြစ်သည်။

“သမီးဆုံးတာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်ကနေပြီး အခု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ဆိုရင်၂၅ နှစ်ပြည့်ခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်းလည်း ဆွမ်းကပ်ပေမယ့် အမျှတမ်းမဝေခဲ့ပါဘူး။ ဒီဇာတ်ကား ရိုက်ကူးရင်တော့ ကျွန်တော်တို့ဘက်ကတော့ လိုတာရှိရင် ကူညီပေးသွားမှာပါ။ ရလာတဲ့ အကျိုးအမြတ်ကို ကူညီမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေကတော့ သမီးရဲ့ဂုဏ်သိက္ခာကို တန်ဖိုးဖြတ်သလိုမျိုးတော့ မဖြစ်ချင်ပါဘူး”ဟု မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူက ဆိုသည်။

ဇာတ်ကား၏ ဇာတ်သိမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်နေချိန်(သို့) ပြင်ဆင်ပြီးချိန်တွင် ရိုက်ကူးမည်ဖြစ်ပြီး ဇာတ်ဝင်ခန်းအရ မ၀င်းမော်ဦးကို ရေစက်ချ အမျှအတမ်းပေးဝေသည့် အခန်းဖြင့် အဆုံးသတ်မည်ဖြစ်သည်။ ဇာတ်ပို့၊ ဇာတ်ရံများစွာဖြင့် ရိုက်ကူးမည့် ယင်းဇာတ်ကားကို ၂၀၁၄ ခုနှစ်အတွင်း ရိုက်ကူးမည်ဖြစ်ကာ ရိုက်ကူးမှု
ကြာချိန်ကို သုံးလ သတ်မှတ်ထားသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here