Wednesday, October 23, 2013

ကုန်တင်ကားတစ်စီး မီးလောင်၊ ကျပ်သိန်းငါးရာခန့်ဆုံးရှုံး

0 comments


23-10-2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းရှိ ကားလမ်းမဘေးတွင် အောက်တိုဘာ ၂၂ရက်နေ့ နံနက် ၂း၃၀နာရီ  အချိန်တွင် ကုန်တင်ကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျပ်သိန်းငါးရာခန့်  ဆုံးရှုံးသွားကြောင်း အမှတ်(၄)ရဲစခန်းမှ သိရသည်။

လားရှိုးမှ မန္တလေးသို့ သုံးထပ်သားအခင်းပါ သံထိုင်ခုံများ တင်ဆောင်၍ ထွက်ခွာသော ၁၄  ဘီးတပ် နီဆန်း အမျိုးအစား ၆က/………..ကုန်တင်ကားသည် နှစ်နာရီခွဲအချိန်ခန့်တွင် နမ့်ခိုက်တိုးချဲ့ကွက်သစ်
လားရှိုး-မန္တလေးကားလမ်းမဘေးရှိ ငါးလုပ်ငန်း ဦးစီးရုံးရှေ့ အရောက်တွင် ဘက္ထရီအိုမှ ၀ါယာရှော့ဖြစ်၍ ကားနှင့်ကားပေါ်ပါ ပစ္စည်းများ မီးလောင်ပျက်စီး သွားခဲ့ကြောင်း အမှတ်(၄)ရဲကင်းမှူး ဒုရဲအုပ်သိန်းဌေး ထံမှ သိရသည်။

“မီးကနှစ်နာရီခွဲလောက်က စလောင်နေတာ ခဏနေကြတော့ မီးသတ်ကားရောက်သွားတယ်။ ကျွန်တော်နဲ့ မီးသတ်အင်အား နှစ်ဆယ့်ငါးယောက်ရယ် ဒီအမှတ်(၄)နယ်မြေ ရဲကင်းအဖွဲ့တွေရယ် ၀ိုင်းဝန်းပြီးတော့ ငြိမ်းသတ်ကြတာ သုံးနာရီခွဲလောက်ကျတော့ မီးကငြိမ်းသွားပါတယ်”ဟု ဦးစီးအရာရှိ ဦးကိုကိုဦးက ပြောသည်။

ယင်းလောင်ကျွမ်းသွားသော ကုန်တင်ကားနှင့် ကားပေါ်ပါ ပစ္စည်းတန်ဖိုး ငွေကျပ်သိန်းငါးရာဖိုးနီးပါး ဆုံးရှုံးသွားခဲ့ပြီး ၎င်းမီးလောင်ကျွမ်းသောကားအား လားရှိုးမြို့မ ရဲစခန်းမှ မမ စ (ပ)၄၉၉/၂၀၁၃ အရ ပုဒ်မ  ၂၈၅ဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။

စိုးမင်းနိင်(လားရှိုး)
မြန်မာခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here