Monday, October 14, 2013

ဆက်သွယ်ရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး ပညာရှင်များမှ အကြံပြု တင်ပြခဲ့သော အချက်အများစုကို ပြင်ဆင်ပေးခဲ့

0 comments
14.10.2013

ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ အောက်တိုဘာ ၈ ရက် ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

ယင်းဆက်သွယ်ရေး ဥပဒေတွင် အခန်း (၄) ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာ လိုင်စင်၊ ပုဒ်မ ၁၃ ၌ "ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာ လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် ၀န်ကြီးဌာနက သတ်မှတ်ထားသော ဆက်သွယ်ရေး ပစ္စည်းတစ်ခုခုကို လက်ဝယ်ထားရှိလိုလျှင် ဖြစ်စေ၊ အသုံးပြုလိုလျှင် ဖြစ်စေ လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။ သို့ရာတွင် အောက်ပါတို့အတွက် ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာ လိုင်စင်လျှောက်ထားရန် မလို-(က)လုပ်ငန်းလိုင်စင် ရရှိသူက မိမိအသုံးပြုရန် ၀ယ်ယူရင်းနှီးထားသော ဆက်သွယ်ရေး ပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း၊ (ခ) လုပ်ငန်းလိုင်စင် ရရှိသူထံမှ ရယူထားသော ဆက်သွယ်ရေး ပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း" ဟူ၍ ပါရှိသည်။

အခန်း (၅)ပုဒ်မ ၁၈ တွင် ဆက်သွယ်ရေး ပစ္စည်းဆိုင်ရာ လိုင်စင်ရရှိသူသည် (က)မိမိပိုင်ဆိုင်သည့် ဆက်သွယ်ရေး ပစ္စည်းများအား လိုင်စင်တွင် သတ်မှတ်ပေးထားသည့် နေရာ၌သာ ထားရှိအသုံးပြုရမည်။ (ခ) လိုင်စင်အရ မိမိအား အသုံးပြုခွင့် ပေးထားသည့် ဆက်သွယ်ရေး စက်ပစ္စည်းမှတစ်ဆင့် နိုင်ငံတော်၏ လုံခြုံရေးကို မထိခိုက်စေရန် ဆောင်ရွက်ထားရှိ ရမည်။ (ဂ) မိမိအသုံးပြုသည့် စက်ပစ္စည်းများနှင့် စပ်လျဉ်းပြီး ဦးစီးဌာနမှ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဟု ပါရှိကြောင်း သိရသည်။

အခန်း (၁၈) ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ပုဒ်မ ၆၅ တွင် မည်သူမဆို ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းကို လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက် မပိုသောထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟူ၍ ပါရှိပြီး ပုဒ်မ ၆၆ တွင် "မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-(က) ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့် ရှိသူ၏ ခွင့်ပြုချက် မရှိဘဲ ၀င်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကို ဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊ (ခ) ဆက်သွယ်ရေး ကွန်ရက်ကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ၀င်ရောက်စေခြင်း၊ (ဂ) ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း၊ (ဃ)ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း" စသည်တို့ ပါဝင်ကြောင်း သိရသည်။

"အခု ဆက်သွယ်ရေး ဥပဒေက အကြံပြုထားတာတွေ၊ ပြုပြင်စေချင်တာတွေ ရာနှုန်းပြည့် မဟုတ်ပေမယ့် တော်တော် များများ ပြင်ပေးထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ၀န်ကြီးဌာနအောက်မှာ ရှိတယ်ဆိုပေမယ့် ၂၀၁၅ လောက်မှာ လွတ်လပ်တဲ့ ဆက်သွယ်ရေး ကော်မရှင် ရှိလာမယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းအောက် ရောက်စေချင်ပေမယ့် အခုက အလှည့်အပြောင်း ကာလဖြစ်လို့ ၀န်ကြီးဌာနရဲ့ကဏ္ဍ ရှိနေဦးမယ်" ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောကြားခဲ့သည်။


 Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here