Monday, October 7, 2013

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်းအတွက် သီးသန့်ဘတ်ဂျက်တောင်းမည်

0 comments

၁၀နှစ်ကြာ ပြုလုပ်မည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းကိုဆောင်ရွက်ရာတွင် သီးသန့်ဘဏ္ဍာငွေအဖြစ် သတ်မှတ်ချထားပေးရန် အစိုးရထံမှ တောင်းခံသွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောကြားသည်။


ဘဏ္ဍာငွေရရှိရန်အတွက် သက်ဆိုင်ရာဦးစီးဌာနများမှ ဘတ်ဂျက်ကော်မတီထံသို့ တင်ပြသွားမည်ပြီး လွှတ်တော်မှ တစ်ဆင့် အတည်ပြုသွားမည်ဟု ထိုဗျူဟာစီမံကိန်းအား အဓိက ဦးဆောင်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးအောင်ထွန်းခိုင်က မဇ္ဈိမ၏ မေးမြန်းချက် အား ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဟာဗျူဟာ စီမံကိန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်တို့ မှ နည်းပညာပိုင်းများ ပံ့ပိုးပေးပြီး ပြည်တွင်းပြည်ပမှ အင်ဂျီအိုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးများအဖွဲ့များ၊ ကုလသမဂ္ဂလက်အောက်မှအဖွဲ့များက ၂၀၁၀ ခုနှစ် မှ ယခုနှစ်ထိသုံးနှစ်ကြာ ပူးပေါင်းရေးဆွဲခဲ့ကြခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈အရ အမျိုးသမီးတွေ တန်းတူညီမျှရေးကို အာမခံချက်ပေးထားတယ်ဆိုပေမယ့် ဒီထဲမှာ ကျွန်မတို့နိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ စီဒေါပါ ပြဋ္ဌာန်းချက်တွေကို ပြည့်မိအောင် လုပ်ဆောင်ပေးဖို့လိုတယ်၊ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲတဲ့အခါမှာလည်း တန်းတူရွေးချယ်ပိုင်ခွင့် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ့် အချက်တွေကိုပါ ထည့်သွင်းရေးဆွဲပေးစေလိုတယ်” ဟု ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက နေပြည်တော်တွင် ပြုလုပ်သည့် မဟာဗျူဟာ စီမံကိန်း ကြေညာပွဲတွင် ပြောကြားခဲ့သည်။

သို့သော်လည်း အစိုးရအနေဖြင့် ထိုစာချုပ်ပါ အချက်များအား အပြည့်အ၀ဆောင်ရွက်ပေးခြင်း မရှိကြောင်းအားပြည်တွင်းပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့များက မကြာခဏဝေဖန်ပြောဆိုကြသည်။ ထို့ အတူ အမျိုးသမီး ကိစ္စများ အား ဆောင်ရွက်ရန် အစိုးရမှ ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီထံသို့ပြည်သူများမှ အကူအညီ သွားရောက်တောင်းခံသော်လည်း အချို့မြို့နယ်များတွင် ကူညီရန်ငြင်းဆန်သည့်အတွက် အမျိုးသမီးရေးရာသာမက အစိုးရအဖွဲ့များသည်လည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောက်ရွက်မှု အားနည်းနေဆဲဖြစ် ကြောင်း ၈၈မျိုးဆက်အဖွဲ့မှ မမီးမီးက ထိုပွဲတွင် ၀င်ရောက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း ကော်မတီထံသို့ ပြည်သူများမှ တိုင်ကြားစာများ လစဉ်အများအပြားဝင်ရောက်လာသော်လည်း အချို့အမှုများသည် ၀န်ကြီးဌာနအချင်းချင်း အကူညီတောင်းရခြင်း၊ ရဲစခန်းများသို့ တိုင်ကြားရခြင်းများလည်းရှိသည့်အတွက် အမျိုးသမီးရေးရာအနေဖြင့် အမှုတိုင်းအား ကိုယ်ပိုင်ဆုံးဖြတ်ပြီး ဖြေရှင်နိုင်စွမ်း မရှိသေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

“ကျွန်မလွှတ်တော်ထဲ မရောက်ခင်က ကရင်ပြည်နယ် အမျိုးသမီးရေးရာမှာ အလုပ်အမှုဆောင်အထိ လုပ် ခဲ့တယ်၊ လွှတ်တော်ထဲရောက်မှ ဒီကော်မတီက ဖိတ်ကြားခြင်းလည်းမရှိဘူး အမျိုးသမီးပွဲတွေမှာလည်း မတက်ရဘူး၊ အမျိုးသမီးနေ့မှာတောင် ပါဝင်ခွင့်မရခဲ့ဘူး၊ ဒါက ကျွန်မတို့ လွှတ်တော်အမတ်အမျိုး သမီးတွေက ပါတီအဖွဲ့အစည်းနဲ့ ပတ်သတ်ခွင့် မရှိဘူးလို့ ကန့်သတ်ထားတာလား” ဟု ကရင်ပြည်နယ် ဖားအံမဲဆန္ဒနယ်မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာကလည်း ဆိုသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က “ ရည်မှန်းချက်ကြီးလွန်းသယောင် ထင်ရပေမယ့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အားလုံး နိုင်ငံရေးအသိနဲ့ အကောင်ထည်ဖော်တဲ့အခါမှာ အရင်းအမြစ်တွေကို ချိတ်ဆက်တာ၊ ပံ့ပိုးအကောင်ထည်ဖော်တာ၊ ကတိက၀တ်တွေသာ ပြုကြမယ်ဆိုရင် အောင်မြင်နိုင်တဲ့ စီမံကိန်းဖြစ်မယ်လို့ ယုံကြည်တယ်” ဟု မဟာဗျူဟာ စီမံကိန်းစာအုပ်တွင် ရေးသားထားသည်။ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here