Monday, October 7, 2013

ဧည့်လမ်းညွှန်ဝန်ဆောင်ခတိုးမြှင့်မှုအား အနည်းဆုံးလခ သတ်မှတ်ချက်ထွက်သည်အထိ ဆိုင်းငံ့ပေးရန် ညှိနှိုင်း

0 comments

ဧည့်လမ်းညွှန်များ၏ တစ်နေ့တာဝန်ဆောင်မှုအတွက် အနည်းဆုံးပမာဏနှုန်းထား သတ်မှတ်တောင်းဆိုခြင်းကို ဆိုင်းငံ့ပေးရန် ညှိနှိုင်းထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးနောင်းနောင်းဟန် က မဇိ္ဈမသို့ ပြောသည်။


မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းမှ အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ဧည့်လမ်းညွှန်များအတွက် တစ်နေ့တာ ၀န်ဆောင်ခနှုန်းထားအား အနည်းဆုံး ဒေါ်လာ ၃၅ ပေးရန် သတ်မှတ်ထားပြီး ဖြစ်သော်လည်း ယင်းသတ်မှတ်နှုန်းထားအား ဆိုင်းငံ့ပေးရန်အတွက် အောက်တိုဘာလ ၄ ရက်တွင် ညှိနှိုင်းစာပေး ပို့ထားကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က “အနည်းဆုံး လုပ်ခပေးရေး သတ်မှတ်ချက် ထွက်ဖို့လည်း အစိုးရပိုင်းက ဆောင်ရွက်နေတဲ့အတွက် သတ်မှတ်ချက် ထွက်လာတဲ့ အခါကျရင် ဧည့်လမ်းညွှန်အသင်းက သတ်မှတ်တာနဲ့ တစ်မျိုးစီ ဖြစ်နေမှာစိုးလို့ပါ၊ ဒါကြောင့် သတ်မှတ်ချက်ထွက်တဲ့အထိ တစ်လ၊ နှစ်လ စောင့်ပေးဖို့ ညှိနှိုင်းတဲ့သဘောပါ” ဟု ပြောသည်။

ဧည့်လမ်းညွှန်အသင်းက မဖြစ်မနေပေးရန် သတ်မှတ်ချက်ခြင်းမဟုတ်ဘဲ ယင်းနှုန်းပေးရန် သတ်မှတ်တိုက်တွန်းကြောင်းသာဖြစ်သည့်အတွက် ပြန်လည်ညှိနှိုင်းသည့် သဘောဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောသည်။

ဧည့်လမ်းညွှန်များ၏ အတွေ့အကြုံနှင့် အရည်အချင်းအလိုက် ခရီးသွားကုမ္ပဏီများမှ တစ်နေ့လျှင် ဒေါ် လာ ၅၀ မှ ၈၀ ၀န်းကျင် ထိပေးလေ့ရှိပြီး အတွေ့အကြုံ နုနယ်သော ဧည့်လမ်းညွှန်များအတွက် ဒေါ်လာ ၂၀ ၀န်းကျင်ခန့် ပေး လျက်ရှိကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းက ဆိုသည်။

ဧည့်လမ်းညွှန်များ၏ အရည်အသွေးမြှင့်တင့်ရန် ဆောင်ရွက်ထားပြီး ထိုက်သင့်သည့် နှုန်းထားရရှိရန် အနည်းဆုံး ၀န်ဆောင်ခနှုန်း သတ်မှတ်ပေးရခြင်းဖြစ်ကြောင်း ဧည့်လမ်းညွန်များအသင်းမှ တာဝန်ရှိသူများက အဆိုပါ ၀န်ဆောင်ခနှုန်း သတ်မှတ်ထုတ်ပြန်ချိန်တွင် မဇိ္ဈမသို့ ပြောသည်။

ဧည့်လမ်းညွှန်များအား တစ်နေ့ ၃၅ ဒေါ်လာ ပေးရန်အတွက် ခရီးသွားလုပ်ငန်းရှင်အချို့မှ သဘောမတူမှုများ ရှိကြောင်း လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

ဧည့်လမ်းညွှန် ဦးစိုင်းဝင်းဆုံက“အသင်းက ဂိုက်(ဧည့်လမ်းညွှန်) တွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင့်ပေးတာပါ၊ ဂိုက်ကြေးက မျှတပါတယ်၊ အခုလဲ လေးစားသမှုအရ ကုမ္ပဏီတော်တော်များများ ကတော့ ပေးလာကြပါပြီ၊ ဈေးဆစ်တတ်တဲ့ ကုမ္ပဏီတချို့လည်း ရှိပါတယ်၊ တချို့ဂိုက်တွေကလဲ သိပ်ငယ်လွန်းတဲ့အတွက် အတွေ့အကြုံ နည်းတဲ့ အတွက် မပေးနိုင်တာမျိုးတော့ ရှိတယ် ၊ အင်္ဂလိပ်ဂိုက် တော်တော်များများက သတ်မှတ် နှုန်းအတိုင်း ရနေပါတယ်၊ အဓိကလဲ အင်္ဂလိပ်ဂိုက်တွေအတွက်ပါပဲ” ဟု ပြောသည်။

အင်္ဂလိပ်ဘာသာစကား ဧည့်လမ်းညွှန်များသည် တစ်နေ့တာ နှုန်းထားရရှိမှုအနည်းဆုံးဖြစ်ပြီး အခြား ဘာသာ စကားများ ဖြစ်သည့် အီတလီ၊ ဂျာမဏီ၊ စပိန်ဘာသာစကား ဧည့်လမ်းညွှန်များမှာ ယခင်ကတည်းက ၄၅ ဒေါ်လာ ၀န်းကျင် ရရှိကြောင်း ဧည့်လမ်းညွှန်များက ပြောသည်။ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here