Monday, October 7, 2013

ခရီးသည် ပို့ဆောင်ရေးယာဉ်များ သတ်မှတ်ဈေးထက် ပိုကောက်ပါက အရေးယူမည်ဟုဆို

0 comments
ထားဝယ်၊ အောက်တိုဘာ ၆

ရန်ကုန်-ထားဝယ်-မြိတ် ပြေးဆွဲလျက်ရှိသော ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ အနေဖြင့် သတ်မှတ်ထားသည့် လက်မှတ် ဈေးနှုန်းထက်ပို၍ ကောက်ခံပါက အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (မ.ထ.သ) ဥက္ကဋ္ဌ ဦးပိုသိန်းက ပြောကြားသည်။

ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းများသည် ယာဉ်လိုင်း စတင်မပြေးဆွဲခင် လက်မှတ် နှုန်းထားများကို ခရိုင် မ.ထ.သ၊ အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရပြီး ခွင့်ပြုချက်ရရှိပါက ၎င်းတို့ သတ်မှတ်၍ တင်ပြထားသော လက်မှတ် နှုန်းထား များကိုသာ ကောက်ခံရမည် ဖြစ်ကြောင်း ဦးပိုသိန်းက ပြောသည်။
“လေအိတ်ကားက ၁၃,၀၀၀ ကျပ်၊ ဗီအိုင်ပီကားတွေက ၂၀,၀၀၀ ကျပ် တင်ပြထားလို့ အဲဒီအတိုင်းပဲ ခွင့်ပြုထားပါတယ်။ တိုးပြီး ကောက်ခံလို့ မရပါဘူး” ဟု ၎င်းကဆိုသည်။

ပိုမိုကောက်ခံသည့် ယာဉ်လိုင်းများ ရှိပါက စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပြီး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးပိုသိန်းက ပြောကြားသည်။

သို့သော် ထားဝယ်-ရန်ကုန် ခရီးစဉ်ကို ဗီအိုင်ပီကားဖြင့် ပြေးဆွဲလျက်ရှိသော ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုမှ သတ်မှတ်ထားသည့် ဗီအိုင်ပီယာဉ်ခ ဈေးနှုန်း ကျပ် ၂၀,၀၀၀ ထက်ပို၍ ကောက်ခံလျက် ရှိကြောင်း ထားဝယ်မြို့ ခရီးသည်များထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယင်းဗွီအိုင်ပီ ယာဉ်လိုင်းသို့ ဆက်သွယ် မေးမြန်းရာ လက်ရှိအချိန်တွင် ၂၃,၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း၊ ဗီအိုင်ပီ ယာဉ်အတွက် ဈေးနှုန်းမည်မျှ ကောက်ခံရ မည်ဟူ၍ သတ်မှတ်ထားခြင်း မရှိကြောင်း ယာဉ်လိုင်း တာဝန်ခံက ဖြေကြားသည်။
“အရင်က ၂၀၀၀၀ ပြောထားပေမယ့် တွက်ခြေမကိုက်လို့ ပိုကောက်တာပါ” ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

ဗီအိုင်ပီ ယာဉ်တစ်စီးတွင် ထိုင်ခုံ ၃၀ သာ ပါရှိသည့်အတွက် ဈေးနှုန်းပိုမို ကောက်ခံရခြင်း ဖြစ်ပြီး ဈေးနှုန်း အပြောင်းအလဲမှာ ဆီဈေးအပေါ်တွင်သာ မူတည်ကြောင်း ယင်းယာဉ်လိုင်း တာဝန်ခံက ဆိုသည်။
“အရင်တုန်းက ၂၀၀၀၀ ပဲ ကြေညာထားတာဆိုတော့ အခုလိုမျိုး ဈေးထပ်တင်ဖို့ မသင့်ပါဘူး” ဟု မြောင်းပုလဲရပ်မှ ဒေသခံ ခရီးသွားတစ်ဦးက ဆိုသည်။

ထားဝယ်တွင် ဗီအိုင်ပီယာဉ် ယာဉ်လိုင်း တစ်လိုင်းသာရှိပြီး အခြားယာဉ်လိုင်းများမှလည်း ဗီအိုင်ပီယာဉ်များ ပြေးဆွဲရန် စီစဉ်လျက်ရှိသည်။

Dawei Watch

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here