Tuesday, October 1, 2013

အသုံးစရိတ်ဥပဒေ သဘောတူညီမှုမရသောကြောင့် အမေရိကန်အစိုးရ ပိတ်သိမ်းမှုများစတင်

0 comments


Tuesday, October 1, 2013

အောက်လွှတ်တော်နှင့် အထက်လွှတ်တော် အမတ်များ အစိုးရကိုထောက်ပံ့မည့် အသုံးစားရိတ် ဥပဒေအပေါ် သဘောတူညီမှု မရရှိနိုင်သောကြောင့် ၁၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အစိုးရ၏ ပိတ်သိမ်းသည့် အစီအစဉ်ကို ယနေ့စတင်သည်။

ဘက်နှစ်ဘက်လုံးသည် အိုဘားမား လက်မှတ်ရေးထိုးထားသည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲပြစ်တင်နေခဲ့ကြပြီး အောက်လွှတ်တော် ရီပတ်ဘလီကန်တို့က ၎င်းစောင့်ရှောက်မှု ကို ဆန့်ကျင်လုပ်ဆောင်သည့် ပြင်ဆင်ချက်များ ပါဝင်သည့် အသုံးစရိတ် ဥပဒေကို တိုက်တွန်းပြောကြားပြီး အထက်လွှတ်တော် ဒီမိုကရက်တို့က ၎င်းကို ဆန့်ကျင်ပြောကြားကြသည်။

အရေးပါသော အစိုးရဝန်ထမ်းများကို အလုပ်ဆက်လက် ခန့်ထားမည်ဖြစ်ပြီး အရေးမပါသော ဝန်ထမ်း ၈ သိန်းခန့် ကိုအလုပ်မှ လစာမဲ့ အနားပေးမည်ဖြစ်ပြီး၊ အမျိုးသား ပန်းခြံများကို ပိတ်သိမ်းမည့်အပြင်၊ ကျန်းမာရေး သုတေသန လုပ်ငန်းများ ရပ်နားမည်ဖြစ်သည်။သမ္မတအိုဘားမားသည် အင်္ဂါနေ့ အစောပိုင်းတွင် စစ်တပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးဌာန လုပ်သားများအား ယခု ပိတ်သိမ်းခြင်း၏ ရလာဒ်ကိုပြောကြားသည့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

“သင်တို့ဟာ သင်တို့ရဲ့ ပုံမှန်လုပ်ငန်း တာဝန်နေရာမှာပဲ ရှိနေအုံးပါမယ်။ သင်တို့လုပ်ခ အချိန်မီရ ရှိစေဖို့အတွက် အသုံးစရိတ် ဥပဒေကို လွှတ်တော်က တင်ပြပြီး ကျွန်တော်လည်း ဥပဒေပြုပြီး ဖြစ်ပါတယ်။ ဒီပိတ်သိမ်းခြင်းကြောင့် သင်တို့နဲ့ သင်တို့ မိသားစုအပေါ် ရောက်ရှိလာမယ့် ဘယ်လို သက်ရောက်မှုမျိုးမဆို အပေါ် ကိုင်တွယ်ပေးဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနအောက်က အလုပ်သမားများအားလုံး အနေနဲ့ လည်း ရှေ့လျှောက် နေ့ရက်တွေ မှာ တာဝန်ယာယီ ရပ်စဲတာ အပါအဝင် မသေချာမှုတွေ ပိုမိုဖြစ် လာနိုင်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒီဖြစ်ရပ်ဟာ ယခုနှစ်နွေရာသီတည်းက လုပ်သား အများအပြား တာဝန်ရပ်စဲ ခံကြရပြီးဖြစ်တဲ့ ဖြစ်ရပ်တွေရဲ့ ထိပ်ဆုံးကို ရောက်လာတယ် ဆိုတာကိုလည်း သိပါတယ်”ဟု ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ ပိတ်သိမ်းမှု သည် လွှတ်တော်တွင်း သဘောထား မတူညီမှုများကို ဖြေရှင်းနိုင်သည့် အချိန်ထိ ရက်လ များစွာကြာမြင့်နိုင်ရာ “ကျွန်တော်တို့ အစိုးရပြန်လည် ဖွင့်လှစ်နိုင်ဖို့နဲ့ လုပ်သားတွေ လည်း မြန်နိုင် သမျှ မြန်မြန် လုပ်ငန်းပြန်လာ လုပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု လည်း ၎င်းက ပြော ကြားသည်။

Ref:Reuters/CNN
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here