31.10.2013
အဖွဲ့အစည်း၊ အစုအဖွဲ့မှသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှု
တိုးတက်မှုအတွက် ကောင်းမွန် မှန်ကန်သော စီမံခန့်ခွဲမှုက အရေးပါသည်။
စီမံခန့်ခွဲမှု အလွဲများကြောင့် ကျရှုံးခဲ့ရသော၊ ပြဿနာများစွာနှင့်
ရင်ဆိုင်နေရသော အဖွဲ့အစည်းများ၊ နိုင်ငံများက ဥပမာယူစရာ အများအပြား
ရှိနေသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း အစိုးရသစ်နှင့်အတူ ပြောင်းလဲမှုများအတွက်
နိုင်ငံတကာက အသိအမှတ်ပြုခဲ့သော်လည်း မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု
အလွဲများ၏ အကျိုးဆက် သင်ခန်းစာများစွာ ရှိနေသည်။စီမံခန့်ခွဲမှုညံ့ဖျင်းမှု
ပြဿနာ(Mismanagement) ကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည်က အဂတိလိုက်စားမှု
ပြဿနာ (Corruption) ပင် ဖြစ်သည်။ Corruption ကြောင့်Mismanagement
ဖြစ်ရပြီး Mismanagement ကြောင့်ပင် Corruption ပြဿနာ
ပိုမိုကြီးထွား ခဲ့ရခြင်း ဖြစ်သည်။ နောက်ဆက်တွဲ အနေဖြင့် ခရိုနီစီးပွားရေး
လက်ဝါးကြီး အုပ်မှုနှင့်အတူ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားကာ အကျိုးစီးပွားထိပ်တိုက်တိုးမှု ပြဿနာများ ပေါ်ပေါက်လာရသည်။ ထို့နောက် နိုင်ငံရေး၊
စီးပွားရေး မတည်ငြိမ်မှုများနှင့်အတူလူမှုရေး ပေါက်ကွဲမှုများကြောင့်ဆန္ဒပြမှုများ၊အခွင့်အရေး တောင်းဆိုမှုများ ဖြစ်လာတော့သည်။ ထို့နောက်တွင်
မတည်ငြိမ်သော နိုင်ငံများအတွက် တရားဥပဒေ စိုးမိုးရေးနှင့်အတူ
လက်နက်ကိုင်တို့၏ အခန်းကဏ္ဍများနှင့်အတူ ပြည်တွင်းစစ်သို့ ဦးတည်တတ်သော
သဘောတရားများကို သတိပြုရန် လိုမည်ဖြစ်သည်။ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော နိုင်ငံတစ်နိုင်ငံအတွက်
နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာ များနှင့်အတူ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည့် ကဏ္ဍတွင်
ရှိနေသည်။ သို့သော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဓိက အကျဆုံးသော
တာဝန်ခံခြင်း၊ တာဝန်ယူစေခြင်းနှင့် ပွင့်လင်းမြင်သာမှု ရှိခြင်းတို့အတွက်
အများယုံကြည်နိုင်သော လုပ်ဆောင်မှုတို့ မရှိသောအခါ အကျိုးစီးပွား
ထိပ်တိုက်တိုးမှုများ၊ ဆန္ဒပြပွဲများနှင့်အတူ မတည်ငြိမ်သော နိုင်ငံတစ်ခုအဖြစ်
သံသရာ လည်နေဦးမည် ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် Transparency
International က ထုတ်ပြန်သည့် ၂၀၁၂ ခုနှစ် Corruption Perceptions Index
တွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၂ ၌ ရှိနေပြီး မြန်မာနိုင်ငံ၏ အောက်တွင်
ဆူဒန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီနိုင်ငံတို့သာ
ရှိတော့သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နိုင်ငံက
အဆင့် ၈၀၊ အိန္ဒိယက ၉၄ နှင့် ထိုင်းက ၈၈ နေရာများ၌ ရှိသည်။ ရှီကျင်ပင်း
ခေါင်းဆောင်သော တရုတ်အစိုးရ အဖွဲ့သစ် တက်လာသည့်အခါ အကျင့်ပျက် ခြစားမှုသည်
တရုတ် ကွန်မြူနစ်ပါတီကို ပြိုလဲသွားစေနိုင်သည်ဟု ဆိုကာ လာဘ်စားမှုကို
အပြင်းအထန်တိုက် ဖျက်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ဝေဖန်သူများက
တရုတ်ခေါင်းဆောင်သစ်များ၏ လာဘ်စားမှု တိုက်ဖျက်ရေး အစီအစဉ်သည် ယခုအထိ
ရာထူးနိမ့် အရာရှိများကိုသာ အဓိက ပစ်မှတ်ထားနေပြီး အကြီးတန်းအရာရှိ
လက်တစ်ဆုပ်စာမျှကိုသာ အရေးယူမှု ပြုလုပ်သည့်အပြင် လာဘ်စားမှု တိုက်ဖျက်ရေးကို
အထောက်အကူပြုမည့် ပွင့်လင်းမြင်သာမှု မြင့်မားလာစေမည့်
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ဆိုလျှင် မည်သူမဆို လာဘ်စားမှုများကို ဖွင့်ချ ရေးသားနိုင်ရန်
Paid A bribe ဟူသည့် ၀က်ဘ်ဆိုက် တစ်ခုကိုပင် ဖွင့်ပေးထားသည်။
ထို့ကြောင့် လာဘ်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့်
ရေရှည်ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးမှု တည်ဆောက်ရေး စသည့် ပြည်သူတို့၏အကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် စီမံခန့်ခွဲမှု
အလွဲများ၏ သက်ရောက်မှုကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven
တိုက်တွန်းအပ်ပါသည်။
EMG အယ်ဒီတာ အာဘော်
Thursday, October 31, 2013
Subscribe to:
Post Comments (Atom)