Tuesday, October 8, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် မူဘောင်ခြောက်ချက် KNU ထုတ်ပြန်

0 comments


8.10.2013

အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အစိုးရဘက်က လိုက်လျောပေးရမည့် မူဘောင် ခြောက်ချက်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ကြောင်း KNU လုံခြုံရေး ကော်မတီ၏ တာဝန်ခံ ဗိုလ်မှူးရန်နိုင်က ပြောကြားသည်။

KNU အဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အစိုးရက အဆိုပါ မူဘောင် ခြောက်ချက်ကို သဘောတူညီမှု ရှိ၊ မရှိအပေါ် မူတည် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မူခြောက်ချက်ကို အောက်တိုဘာလ ပထမပတ်အတွင်း ပြုလုပ်သည့် KNU ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အပစ်အခတ် လက်မှတ်ထိုးပွဲတွင် နိုင်ငံရေး အာမခံချက် ရရှိနိုင်ရေးအတွက် အဆိုပါမူ ခြောက်ချက်ကို အစိုးရနှင့် အရင်ဆုံးညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ခြောက်ချက်လုံး သဘောတူညီမှုရအောင် ညှိနှိုင်းမှာပါ။ နှစ်ဖက်စလုံး အတိုးအလျှော့တော့ လုပ်ရမှာပေါ့” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါမူ ခြောက်ချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် အစိုးရဘက်မှ တပ်မတော် ကိုယ်စားလှယ်များ အပါအဝင် အဓိကပုဂ္ဂိုလ်များ ပါဝင်လက်မှတ်ထိုးရန်၊ လက်မှတ်ရေး ထိုးပွဲသို့ အသိသက်သေအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကြီးအကဲများ ပါဝင်ရေးစသည့် အချက်များ ပါဝင်ကြောင်း KNU ထံမှ သိရှိရသည်။

ထို့ပြင် လက်မှတ်ရေးထိုးပြီး နောက်တွင်လည်း တွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ နိုင်ငံရေး မူဘောင်ကို ဆက်လက်ညှိနှိုင်း အကောင်အထည် ဖော်ရန်၊ ဒီမိုကရေစီ ဖက်ဒ ရယ် ပြည်ထောင် စု နိုင်ငံ တည်ဆောက် ရန်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘော တူညီ ချက်နှင့် နိုင် ငံရေး ဆွေးနွေးမှု ဖြစ်စဉ် ကို လေ့လာစောင့် ကြည့်ရေးအဖွဲ့ ထားရှိရန်နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးမီ အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့အားလုံး Code Of Conduct ကို သဘောတူလက်မှတ် ထိုးရန်ဟူသည့် အချက်ခြောက်ချက်ကို အစိုးရနှင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNU  ခေါင်းဆောင်များက ဆိုသည်။

အဆိုပါ KNU ထုတ်ပြန်ချက် မူခြောက်ချက်ကို သိရှိထားသော်လည်း KNU ဘက်မှ ခေါင်းဆောင် များ နှင့်ညှိနှိုင်း ဆွေးနွေးရမည် ဖြစ်သောကြောင့် မည်သည့် မှတ်ချက်ကိုမျှ မပေးနိုင်သေးကြောင်း Myanmar Peace Centre မှ ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။“KNU ခေါင်းဆောင်တွေနဲ့ အဲဒီကိစ္စတွေကို ဘာမှမပြောရသေးပါဘူး” ဟု ၎င်းကဆိုသည်။

KNU အဖွဲ့သည် စက်တင်ဘာလ ပထမအပတ်အတွင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ထိုးရန် မူအားဖြင့် သဘောတူထားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးမှု အချို့ ပြုလုပ်ထားသည်။

KNU ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရကို လက်နက် ကိုင် တော်လှန်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here