Monday, October 14, 2013

သံတွဲ ပဋိ့ပက္ခကြောင့် ထိန်းသိမ်းခံရသူ ၈၀ ရှိပြီ

0 comments

Monday, October 14, 2013

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းထားသူ အယောက် ၈၀ ရှိသွားပြီလို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့ထိ ဖြစ်ခဲ့တဲ့ ပဋိပက္ခအမှာ သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းထားသူ အယောက် ၈၀ ရှိနေပြီဖြစ်တဲ့အကြောင်း အခုနောက်ပိုင်း ထိန်းသိမ်းခံရသူတွေဟာ ပြန်လည်
ခုခံမှုကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံရသူတွေဖြစ်တယ်လို့ သံတွဲ ဒေသခံ ဦးကျော်ကျော်က အခုလိုပြောပါတယ်။

“သံတွဲ လက်ရှိအနေအထားက ဒီနေ့ မနက်က ၂ယောက် ထပ်ဖမ်းတယ်။ သူတို့ စုစုပေါင်း အားလုံး ၈၀ ဖြစ်သွားပြီ။ နှစ်ဘက်ကို။ ပဋိပက္ခထဲမှာ ပါဝင်ပက်သက်တယ်ဆိုတာတော့ ဒါက ရဲဘက်က ထွက်ဆိုထားတာလေ။ ရဲဘက်က ထွက်ဆိုထားတာ ဘာလဲဆိုရင် ပြန်လည်ခုခံတဲ့သူတွေပေါ့ အဲဒီလူတွေက ပြန်လည်ခုခံတဲ့ထဲမှာ တကယ်ပါဝင်တဲ့ သူရှိသလို မပါဝင်တဲ့ သူလည်း ရှိတယ်။ သူတို့က ပြစ်မှု စစ်ဆေးနေတုန်းဆိုတော့ ဘယ်သူ့မှာ အပြစ်ရှိတယ်။ ဘယ်သူ့မှာ အပြစ်မရှိဘူးဆိုတာ မသိရတဲ့ အနေအထားပေါ့။”

ဖမ်းဆီးထိန်းသိမ်း ထားသူတွေထဲမှာ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် ၅၇ ဦးရှိပြီး အစ္စလမ်ဘာသာဝင် ၂၃ ဦး ရှိတယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းခံရတဲ့ အယောက် ၈၀ ထဲက ၁၇ ဦးကို ကျောက်ဖြူ အကျဉ်းထောင်ကိုပြောင်းရွှေ့စစ်ဆေးနေပြီး အဲဒီအထဲမှာ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးမောင်ပု အပါအဝင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အတွင်းရေးမှူးလည်း ပါဝင်သွားတယ်လို့ ဦးကျော်ကျော်က ဆက်ပြောပါတယ်။

“ကြားသိရတာတော့ ၁၇ ဦးပါ။ ဘယ်လို အဖွဲ့အစည်းပါလဲဆိုရင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးမောင်ပု ပါပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ဦးထွန်းသန်းကျော် ပါပါတယ်။ တစ်ချို့ ဆွမ်းလောင်းအသင်းထဲကပေါ့နော် ခေါင်းဆောင်ပိုင်းတွေပါပါတယ်။”

သက်ဆိုင်ရာဘက်ကတော့ မီးရှို့အကြမ်းဖက်မှု ပုဒ်မတွေ၊ လူသတ်မှု ပုဒ်မတွေနဲ့ အခြား ပုဒ်မတွေအလိုက် အရေးယူဆောင်ရွက်ထားတာ ဖြစ်တဲ့အကြောင်း သံတွဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်တင့်က ပြောပါတယ်။

သံတွဲ အကြမ်းဖက်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ ဗလီနှစ်လုံး မီးလောင်ဆုံးရှုံး ခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောတယ်ဆိုတဲ့အကြောင်း ရေဒီယို သြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here