Sunday, October 20, 2013

မသန်မစွမ်း နိုင်ငံရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး

0 comments
(အောက်တိုဘာ ၁၈ ရက်က မော်လမြိုင်မြို့၌ NLD က ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ရှင်းလင်းပွဲနှင့် ပြည်သူ့သဘောဆန္ဒ ရယူခြင်း အခမ်းအနား)
 
(Written by - ဒေါက်တာရန်မျိုးသိမ်း )

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာသည် လွှတ်တော်နိုင်ငံရေးတွင် သာမက လွှတ်တော်ပြင်ပ နိုင်ငံရေးတွင်လည်း ဆွဲဆောင်မှု အားကောင်းနေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးဟူသော မကျက်တကျက် နိုင်ငံရေး လမ်းကြောင်းကို အကြောင်းပြုလျက် ပြင်နှင့်သစ်အကြား နိုင်ငံရေး စစ်ထိုးပွဲများသည် မြန်မာ့နိုင်ငံရေးကို အတွင်းလှိုက်စားလျက် ရှိနေသည်။ အာဏာရပါတီနှင့် အာဏာပိုင်တို့၏ သည်းခြေကြိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လှည်းနေလှေအောင်း မြင်းဇောင်းအထိ စိမ့်ဝင်ပျံ့နှံ့ရန် ဟန်ရေးပြနေပြီ ဖြစ်သည်။

နိုင်ငံရေးတွင် တစ်ခါတစ်ရံ အိမ်ဦးခန်း၌ ထိုင်နေခြင်းက အလိုအလျောက် တန်ဖိုးတက်တတ်သော်လည်း မလုပ်သင့် မလုပ်ထိုက်သည်ကို ထလုပ်မိသည်ကို အကြောင်းပြုလျက် နိုင်ငံရေး ကျိုးကျေနေမှန်း သိရသည်များလည်း ရှိတတ်သည်။ ဒီချုပ် အပါအ၀င် နိုင်ငံရေး ပါတီများသည် မြန်မာ့နိုင်ငံရေးတွင် ထိုင်နေရမည့် အချိန်နှင့် ထသွားရမည့် အချိန်တို့ကို ပိုင်းဖြတ်သိနိုင်ရန် လိုအပ်သည်။ ထိုင်နေရမည့် အချိန်တွင် ထသွားလျှင်သော် လည်းကောင်း၊ ထသွားရမည့် အချိန်တွင် ထိုင်နေလျှင်သော် လည်းကောင်း၊ နိုင်ငံရေး ကြေမွမှုနှင့် ရင်ဆိုင်ရတတ်သည်။ နိုင်ငံရေး ကြေမွမှုကို အကြောင်းပြု လျက် နိုင်ငံရေး ပါတီနှင့် ခေါင်းဆောင်များသည် အားအင်ဆုတ်ယုတ်လာပြီး နိုင်ငံရေး ခုခံအားကျရောဂါ စွဲကပ်လာတတ်သည်။ နိုင်ငံရေး မသန်မစွမ်းများ ဖြစ်လာတတ်သည်။

ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်နိုင်ငံရေး ခေါင်းဆောင်များသည် နိုင်ငံရေး ကြေမွ မှု၊ နိုင်ငံရေး ခုခံအားကျမှုနှင့် နိုင်ငံရေး မသန်မစွမ်းမှုတို့အပေါ် ခံနိုင်ရည် နိမ့်ပါးနိုင်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ အချိုးကျ ကိုယ်စားပြုမှုစနစ် စသည်တို့နှင့် ဆက်စပ်သော နိုင်ငံရေး ခြေလှမ်းများကို လှမ်းရာတွင် နိုင်ငံရေးအရ အတိမ်းအစောင်း မရှိရန် ဆင်ခြင်သတိ ထားသင့်သည်။ အထူးသဖြင့် ဒီချုပ်ပါတီမှ ခေါင်းဆောင်အချို့ အနေဖြင့် လက်ရှိနိုင်ငံရေး ပြဿနာများအပေါ် မှတ်ချက်ပေးရာတွင် လည်းကောင်း၊ သဘော ထား ပေးရာတွင် လည်းကောင်း၊ အစွန်းမထွက်စေရန် သတိကြီးကြီး ထားသင့်သည်။ ပါတီခေါင်းဆောင် အချို့၏ နိုင်ငံရေး အလွဲများသည် ဒီချုပ်ပါတီကို သာမက ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပါ နိုင်ငံရေးအရ ထိခိုက်စေနိုင်သည်ကို သတိပြုသင့်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာသည် အထိုင်၊ အထ မတော်လျှင် နိုင်ငံရေး ကြေမွ သွားနိုင်သော ၊ နိုင်ငံရေး ခုခံအားကျရောဂါ စွဲကပ်စေနိုင်သော အခင်းအကျင်း တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု အများစုကြီးက မဖတ်၊ စိတ်မ၀င်စား၊ စိတ်ဝင်စားဖို့လည်း အချိန် မပေးနိုင်သည့် အခြေအနေတွင် ပြည်သူလူထု၏ သဘောဆန္ဒ အစစ်အမှန်ကို ရရှိနိုင်ရန် အချိန်ယူ၊ စနစ်တကျ ချဉ်းကပ်ကြရမည် ဖြစ်သော်လည်း ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှုကို ဒီချုပ် အနေဖြင့် ကမကထ ပြုလုပ်ဆောင်ခဲ့ခြင်းသည် နိုင်ငံရေးအရ ဓားခုတ်ရာ လက်ဝင်လျှိုသည့်သဘော သက်ရောက်သွားနိုင် သည်ကိုလည်း သတိပြုသင့်ကြောင်း ဆော်သြလိုပါသည်။

ဒီချုပ်နှင့် တိုင်းရင်းသားပါတီအချို့ တွေ့ဆုံဆွေးနွေးပြီးနောက် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အခြေခံဥပဒေ အသစ်ရေးဆွဲရေးဟူသည့် နိုင်ငံရေး လမ်းကြောင်းနှစ်ခုအကြား မပြတ် မသား ဖြစ်ရာ မှ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးကို ဒီချုပ်က နယ်မြို့များတွင် ဖြန့်ကြက်လုပ်ဆောင် ခဲ့ခြင်း ဖြစ် သည်။ အကယ်၍ ဒီချုပ်သည် ပြင်ဆင်ရေး လမ်းကြောင်းကို ကိုင်စွဲမည် ဆိုပါက အဆိုပါ အစည်းအဝေးမှာ ကတည်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီဥက္ကဋ္ဌအဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်သင့်သည်။ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးကို ပြည်သူ့ဆန္ဒ ကောက်ယူမည်ဟု ဆုံးဖြတ်ပြီး ပါတီ၏ အစီအစဉ်၊ စီမံချက်နှင့် ပြည်သူလူထုအတွင်း သဘောထား ကောက်ယူမှုသည် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနှင့် ဘက်မလိုက်မှု အပိုင်းတို့နှင့် ဆက်စပ်လျက် မေးခွန်းထုတ်ဖွယ် ရှိနိုင်သည်။

ထို့အပြင် ဒီချုပ်နှင့် ဒီချုပ်ခေါင်းဆောင်များ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အလုံးအရင်း ကျေကျေနပ်နပ် ထောက်ခံမှုကို အကြောင်းပြုလျက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူလူထု အများစုကြီးက ထောက်ခံအတည်ပြုသော အခြေခံဥပဒေ နေရာကို အလိုအလျောက် ရောက်ရှိသွားနိုင်သည့် အခြေအနေ ရှိနေသည်ကိုလည်း သတိရှိရှိ စောင့်ကြည့် သင့်သည်။ နိုင်ငံရေးတွင် အားမတန်သဖြင့် မာန်လျှော့ရခြင်း၊ အများဆန္ဒ သဘောအရ လိုက်ပါရခြင်းများ ရှိသည့်အလျောက် ဒီချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစိုးရသစ် လက်ထက် တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည့် အဆိုအား ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းနိုင် ရန်၊ ဆွေးနွေးနိုင်ရန်၊ အဆုံးအဖြတ် ရယူနိုင်ရန် အားထုတ်သင့်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အများစုသည် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုသည့်အလျောက် ယင်းအဆို သည် အောင်မြင်နိုင်ခြေ နည်းပါးသော်လည်း နိုင်ငံရေးအရ ပြည်သူလူထု အကျိုးစီးပွားအတွက် အကောင်းဆုံးလမ်းကို တင်ပြခဲ့သည်ဟု သမိုင်းတွင်ကျန်ရစ်မည်မှာ မုချဖြစ်သည်။

လက်ရှိ ဒီချုပ်ပါတီတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားသည် ပါတီ၏ မူဝါဒ၊ သံမဏိစည်းမျဉ်း ဖြစ်နေသည့်အလျောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလိုလားလား ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏ အရိပ်အောက်တွင် အသစ်ရေးဆွဲရေးနှင့် ပြင်ဆင်ရေးကို အများပြည်သူ နားလည်နိုင်အောင် မည်သို့မည်ပုံ ဆွေးနွေးလျက် သဘောထား ကောက်ယူခဲ့သည်ကို စိတ်ဝင်စားမိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးကောက်ခံနိုင်ခွင့် တားဆီးထားသော ပုဒ်မ ၅၉(စ)ကို လာမည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အစီအစဉ်တွင် ပြင်ဆင်နိုင်ရန် ဖြစ်နိုင်ခြေ နည်းပါးသည့် အချက်ကို ထည့်သွင်းဆွေးနွေးခြင်း ရှိ၊ မရှိကိုလည်း သိလိုစိတ် ပြင်းပြမိသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်၌ ပုဒ်မ ၅၉ (စ)ပါဝင်နိုင်ခြေ မရှိသည်ကို သိရှိသဘောပေါက်လျက် လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ ပြည်သူ လူထု အများစု ပြင်ဆင်လိုသော အဓိက ပုဒ်မများကို ပြင်ဆင်နိုင်ခြေ မရှိသည် ကို ကောင်းစွာသိမြင်လျက် လည်းကောင်း၊ ဒီချုပ်ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး ကော်မ တီ မှ ကမကထပြု ကျင်းပသည့် ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲများတွင် တက်ရောက် လာ သူများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို သဘောတူခဲ့သည်ဆိုလျှင် နိုင်ငံရေးအရ သူ့အိုးနှင့်သူ့ဆန်ဟုသာ မှတ်ချက်ပြုရမည် ဖြစ်သည်။

ဒီချုပ်ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး ဟောပြောပွဲ များကို ကျင်းပခဲ့ပြီး ဟောပြောပွဲ တက်ရောက်လာသူများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရေးနှင့် ပြင်ဆင်ရေးအပေါ် သဘောထားကို ကောက်ခံခဲ့ရာ အများစုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ လိုလားသည်ဟု သတင်းများ တွင် ဖော်ပြ ကြသည်။

ဒီချုပ်သည် အမျိုးသား ရင်ကြားစေ့ရေး မူအရ ဥပဒေလမ်းကြောင်းက ကြိုးစားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဥပဒေအရပြောလျှင် မှန်သည်ဟု ပြောရမှာဖြစ်ကြောင်း၊ ပြင်ဆင်ဖို့ မလွယ်သော်လည်း အသစ်ရေးဆွဲဖို့ ဥပဒေမှာ လုံးဝမရှိသဖြင့် ပိုခက်ခဲသည်ဟု မြင်ကြောင်း၊ ပြင်ဆင်ရမှာ ခက်သော်လည်း စိတ်ညစ်စရာမဟုတ် ၀ိုင်းကြိုးစားရမှာဖြစ်ကြောင်း ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ၏ မှတ်ချက်စကားများကို တချို့က နိုင်ငံရေး ဗီတာမင်ဟု လည်းကောင်း၊ တချို့က နိုင်ငံရေး ဆေးခါးကြီးဟု လည်းကောင်း အသီးသီး မြင်ကြမည်ဖြစ်သည်။

ပကတိ အခြေအနေနှင့် နှိုင်းယှဉ်သုံးသပ်လျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကမ္ဘာပေါ်ရှိ လေ့လာ မိသမျှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများတွင် ပြင်ဆင်နိုင်ရန် အခက်ခဲဆုံးဖြစ်ပြီး ပြင်ဆင်ရန် ခက်ခဲခြင်းနှင့် ပြင်ဆင်ရမည့် အချက်များစွာ ပါဝင်နေခြင်းတို့ကို အကြောင်းပြုလျက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရေး လမ်းကြောင်းကို အားကောင်းမောင်းသန် အဆိုပြုလာ ကြခြင်း ဖြစ်သည်။ ပထမအဆင့် အနေဖြင့် ပြင်ဆင်ရန် ခက်ခဲနေခြင်းကို ဖြေရှင်းနိုင်လျှင်ပင် နိုင်ငံရေး တန်ဖိုး မြင့်တက်လာနိုင်သည်။ ထို့ကြောင့် အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၅၊ ပုဒ်မ ၄၃၆ (က)နှင့်(ခ)တို့ကို ဦးစွာပြင်ဆင်ပြီး ပုဒ်မ ၄၃၆ တွင် ၇၅ ရာခိုင်နှုန်းကျော်ဆိုသည့် စာသားနေရာ၌ သုံးပုံနှစ်ပုံနှင့် အထက်ဟု လည်းကောင်း၊ ပုဒ်မ ၄၃၅ တွင် ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း နေရာ၌ ၁၅ ရာခိုင်နှုန်းဟု လည်းကောင်း ပြင်ဆင် လာနိုင်မည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းအပေါ် စိတ်ပါဝင်စားမှု မြင့်မား လာနိုင် သည်ဟု သုံးသပ်မိသည်။

ဒီချုပ်ပါတီ၏ တာဝန်ရှိသူများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်သာ ဥပဒေအရ လမ်းကြောင်းမှန်သည်ဟူသော မှတ်ချက်မျိုးကို အများပြည်သူရှေ့တွင် ထုတ်ဖော်ပြောလျှင် သမိုင်းတွင် တာဝန်ယူမှု ရှိရမည်ကိုလည်း သိရှိနားလည်သင့်သည်။ အသစ်ရေးဆွဲနိုင်ရန် ဥပဒေတွင် ဖော်ပြချက် မရှိသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးသည် မလုပ်သင့်သော အလုပ်ဖြစ်သည်ဟု အသွင်ဆောင်သော ထုတ်ဖော်ပြောဆိုမှု မျိုးသည်လည်း နိုင်ငံရေးအရ အလွန်ထိလွယ် ရှလွယ် သဖြင့် နှုတ်ထွက်မလွယ်သင့်ဟု ထင်မြင်မိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပြီး လူထုထောက်ခံမှု ရာခိုင်နှုန်း ပြန်လည်ဆန်းစစ်ခွင့်အား ပြည်ထောင်စု လွှတ်တော်မှ တစ်ဆင့် အဆိုပြုခြင်းသည် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး လမ်းကြောင်းကို ဥပဒေနှင့် အညီ ဆောင် ရွက်ခြင်း ပင် ဖြစ်သည်ဟု သုံးသပ်မိသည်။ တစ်ဖက်တွင်လည်း မြန်မာ့နိုင်ငံရေးသည် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနှင့် ရန်ကုန်နိုင်ငံရေး သက်သက်ဖြစ်နေခြင်းမှာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနှင့် ပြုပြင်ပြောင်းလဲရေး ရှေ့ခရီးအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နေသည်ဟုလည်း ကောက်ချက်ပြုနိုင်သည်။

ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်း၊ လူထုဆန္ဒခံယူပွဲ ကျင်းပ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲမည့် လမ်းကြောင်းသည် လက်ရှိလွှတ်တော် ယန္တရားအောက် တွင် ရေးဆွဲမည့် ကော်မရှင် များကို ဖွဲ့စည်းလုပ်ဆောင် ရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအသစ် ရေးဆွဲရန် အတည်ပြုလျှင် လက်ရှိဖွဲ့စည်းပုံနှင့် လက်ရှိဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို ချက်ချင်းရပ်ဆိုင်း ဖျက်သိမ်းရမည်ဟု ဆိုလိုခြင်း မဟုတ်သည်မှာလည်း အထင်အရှားဖြစ်သည်။ ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မရှင်ကို လက်ရှိပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းရမည်ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်များလည်း ကော်မရှင်တွင် ပါဝင်ရာ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲရေး လမ်းကြောင်းသည် တပ်မတော်၏ အခန်းကဏ္ဍကို ပယ်ဖျက်ရန်၊ လျှော့ချရန် ရည်ရွယ်သည်ဟု တစ်ဖက်သတ် မှတ်ချက်များသည်လည်း မှန်းဆချက် သက်သက်ဖြစ်သည် ဟု ကောက်ယူနိုင်သည်။

နိဂုံး
လက်ရှိမြန်မာ့နိုင်ငံရေးသည် မသန်မစွမ်း နာလန်ထ အဆင့်သာသာတွင်သာ ရှိနေပြီး ဒီမိုကရက်တစ် ပါတီများ၏ အနေအထားမှာလည်း အားမလို အားမရ ဖြစ်ဖွယ်ဟု သုံးသပ်နိုင် သည်။ ပြည်သူ့ ဆန္ဒ ကောက်ယူသည့် လုပ်ငန်းစဉ်မှတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းကို ပံ့ပိုးပေးနေသော ဒီချုပ်ခေါင်းဆောင်များနှင့် ဒီချုပ်ပါတီတို့သည်လည်း အတိုက်အခံဖြစ်ဖို့ ဝေးစွ၊ အာဏာပိုင်နှင့် အာဏာရ ပါတီ၏ လော်ဘီများဖြစ်မှန်းမသိ ဖြစ်နေကြသည်ကို သတိပြုမိသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတွင် မည်သည့်နိုင်ငံရေး လမ်းကြောင်း သည် ရေရှည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လက်တွေ့ကျကျ အကျိုးပြုနိုင်မည်ကို အချေအတင်၊ အချက်အလက်နှင့် ဆွေးနွေးအဖြေရှာနိုင်ရန် ဝေးစွ၊ အာဏာပိုင်နှင့် အာဏာရပါတီ၏ မိတ်ကောင်းဆွေကောင်းများ ဖြစ်မှန်းမသိ ဖြစ်နေသည်ဟု သုံးသပ်မိသည်။

မသန်မစွမ်း နိုင်ငံရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကို လျှောက်မည့်သူများကို အဝေးမှ ကြည့် ရင်း မြန်မာ့နိုင် ငံရေး ရှေ့ခရီးအတွက် ရင်လေးမိနေသူများစွာ ရှိနေသည့် အလျောက် မြန်မာ့နိုင် ငံရေး ရှေ့ခရီး ခလုတ်မထိ၊ ဆူးမငြိစေကြောင်း ပြည်သူလူထု အကျိုးမျှော် တောင်းဆုတော်ခြွေလိုက် ရပါသည်။



EMG


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here