Thursday, October 3, 2013

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ အဆင့်မြှင့်မည်

0 comments
03.10.2013

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

ဂျပန်မှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ငါးဘီလျံကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ကိစ္စများအတွက် စက်တင်ဘာလ အတွင်းက ပေးခဲ့ရာတွင်မူ ရထား ပို့ဆောင်ရေးကဏ္ဍမှ ရရှိမည်ဖြစ်သော ငွေများဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပြင်ဆင်ခြင်း ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

''ဂျပန်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရထားလမ်းတွေကို အဆင့်မြှင့်တင်စေချင်တယ်။ ဒါပေမဲ့ ရထားဝန်ကြီးဌာနက ရမယ့်အချိုးနဲ့ဆိုရင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနဲ့တောင် လုံလောက်မှု မရှိလောက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အကောင်အထည်ဖော်ရမှာ ဖြစ်တဲ့အတွက် ရန်ကုန်-တောင်ငူလမ်းပိုင်းကို စပြီး အဆင့်မြှင့်သွားမယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး က ပြောကြားသည်။

၎င်းအပြင် မြန်မာနိုင်ငံအတွင်းရှိ အဓိက ပင်မရထားလမ်းကြောင်း ၁၁ ခုကို ရထားလမ်းပိုင်းများအား အဆင့်မြှင့်တင်ရန်အတွက် လုံလောက်သော အနေအထား မရှိသေးကြောင်း၊ သို့သော် ရန်ကုန်-မန္တလေးလမ်းပိုင်း စတင်နိုင်ရန်အတွက်မူ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းကို မကြာမီ အဆင့်မြှင့်တင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆိုသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှစ၍ သဘောတူညီထားချက်အရ ဂျပန်နိုင်ငံမှ အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် ရထားနှင့် သက်ဆိုင်သော စီမံကိန်းများတွင် နည်းပညာ အထောက်အပံ့များ ကူညီသွားရန် သဘောတူညီချက် ရရှိထားသည့်အပြင် ယခုနှစ် နှစ်လယ်ပိုင်း က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဂျပန်နိုင်ငံမှ ပို့ဆောင်ရေးဝန်ကြီးနှင့် လွှတ်တော်အမတ် တစ်ဦးတို့က မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်းအခြေအနေ အမြန်ဆုံး အဆင့်မြှင့်တင်နိုင်ရန် ကူညီမှုများပေးသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

မြန်မာ-ဂျပန် ပထမဆုံး ပူးပေါင်းလုပ်ဆောင်မည့် ရထားလမ်းပိုင်းဖြစ်သော ပဲခူး-ရန်ကုန် လမ်းပိုင်းကိုလည်း လာမည့် အောက်တိုဘာလအတွင်း သို့မဟုတ် အောက်တိုဘာလကုန်တွင် စတင်နိုင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် စက်ပစ္စည်းများကို အဓိက အကူအညီရယူသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here