Wednesday, October 16, 2013

ရန်ကုန်တိုင်းမ်သတင်းစာနှင့် ဆောင်းပါးရှင်ကို ELEVEN မီဒီယာ တရားစွဲဆိုထား

0 comments
ရန်ကုန်တိုင်းမ်သတင်းစာတွင် စက်တင်ဘာလအတွင်း ဖေါ်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ပါရှိသော အချက်အလက်မှာ ELEVEN မီဒီယာ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ ဆောင်းပါးရှင်နှင့် ဖေါ်ပြခဲ့ သည့် သတင်းစာကိုပါ ELEVEN မီဒီယာက တရားစွဲဆိုထားသည်ဟု ထိုမီဒီယာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့နဲ့ ပတ်သက်လို့ ရေးသားဖေါ်ပြတဲ့သူနဲ့ ဖေါ်ပြတဲ့သတင်းစာကို တရားစွဲထားတာပါ။ ရေးသား ထားတာတွေက ကျွန်တော်တို့ကို ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက် တရားစွဲတာပေါ့နော်။ ဂုဏ်သိက္ခာ ကို ထိခိုက်စေလို့ပေါ့" ဟု သူက ပြောသည်။

သို့သော် ဆောင်းပါးတွင်ရေးသားထားသော မည်သည့်အချက်က ဂုဏ်သိက္ခာကို ထိခိုက်စေသည်ကိုမူ ဦးဝေဖြိုးက ပြောကြားခြင်းမရှိပေ။ အစိုးရက နိုင်ငံခြားတွင် ဘဏ်အကောင့်ငါးခုဖွင့်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံသိမ်းထားသည်ဟူသည့် သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် ၏ ရေးသားချက်ကို အလဲဗင်းမီဒီယာက တရားစွဲဆိုခြင်းဖြစ်သည်။

တရားစွဲဆိုခံထားရသော ရန်ကုန်တိုင်းမ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကလည်း "အခုထိတော့ ကျွန်တော့်ကို အကြောင်းကြားမလာသေးဘူး။ တစ်ကယ်ဟုတ်ရင်တော့ ရင်ဆိုင်ရမှာပေါ့။ ဘာမှထိခိုက်စရာမပါပါဘူး။ ရေးသင့်ရေးထိုက်တဲ့ဟာကို ရေးတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေ နဲ့ သေသေ ချာချာရေးတာပါ" ဟု သူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗဟန်းမြို့နယ်ရဲစခန်းက ရန်ကုန်တိုင်းမ် သတင်းစာအား ဖုန်းဖြင့် အောက်တို ဘာ ၁၃ရက် က ဆင့်ခေါ်ခဲ့ပြီး ၁၄ရက်တွင် သွားတွေ့မည်ဟု ရန်ကုန်တိုင်းမ်သတင်းစာ၏ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးလှိုင်ဘွားက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"အခုကတော့ သေချာမသိရသေးဘူး။ အဲ့ဒီကျမှပဲ သေသေချာချာသိရမယ်။ ဗဟန်းတရားရုံးကို တရားစွဲဖို့ သူတို့ဦးတိုက်လျှောက်တယ်ပေါ့နော်။ အဲ့ဒါကို တရားသူကြီးကနေ ရဲစခန်းကိုလွှဲထားတော့ ကျွန်တော်တို့ ကို မေးစရာရှိတယ်ဆိုပြီး လှမ်းပြောတာပါ"ဟု ၎င်းက ရှင်းပြသည်။

ဤ ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ ကမူ စာနယ်ဇင်သမား အချင်းချင်း တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သင့်သည်ဟု အကြံပြု ပြောဆိုသည်။

"ပြဿနာဖြစ်ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်စကားပြောပြီး ညှိနှိုင်းဆွေးနွေးကြည့်သင့်တယ်။ အခုလို ဖြစ်တယ်ဆိုလို့ရှိရင် လူကြားလို့ မကောင်းပါဘူး" ဟု သူက ပြောသည်။

ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က ဒေါ်လာ ၁၁ဘီလီယံနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်ကို "ဒေါ်လာ ၁၁ဘီလီယံ ရှင်းတမ်း"ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၁၀ရက်ထုတ် မြန်မာတိုင်းမ် သတင်းစာတွင်လည်း ထပ်မံရေးသားခဲ့သေးသည်။


မင်းမင်း
Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here