Monday, November 4, 2013

ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူများ ပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြ

0 comments

Monday, November 4, 2013

စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုချက် မယူသည့်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူများ ပြန်လွှတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ဆေးရေး ကော်မတီက တင်ပြထားကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခြင်း ခံထားရသော အကျဉ်းသား ၂၀ ကျော် ရှိပြီး ၎င်းတို့ကို လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။
“ဒီဇင်ဘာမှာ အကုန်လုံး လွှတ်ပေးမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား မှန်သမျှ ပါဖို့လိုတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ အကျဉ်းသားများကို နိုင်ငံရေး အကျဉ်းသားများအဖြစ် စိစစ်နိုင်ရေး အောက်တိုဘာ ဒုတိယပတ်အတွင်းပြုလုပ်ခဲ့သော လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျ ခံရသူများအပြင် ယင်းပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူ ၂၃၂ ဦးရှိပြီး ၎င်းတို့ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်နိုင်ရေးအတွက်လက်ကျန် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီတွင် ဆွေးနွေးမည်
ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဘိုကြည်က ပြောကြားသည်။

အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ယခု နှစ်ကုန်တွင် အကြွင်းမဲ့ လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားထားသော်လည်း အစိုးရသစ် လက်ထက်တွင်
နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးမှုများ ရှိနေသောကြောင့်နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် မဖြစ်နိုင်သေးကြောင်း နိုင်ငံရေး လေ့လာသူများမှ သုံးသပ်ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၁၂ ကြိမ်လွှတ် ပေးခဲ့ကာ အကျဉ်းသား ၁၂၀၀ ကျော် လွတ်မြောက်ခဲ့ပြီး အကျဉ်းထောင်များအတွင်း ၂၀၀ ကျော် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here