Tuesday, November 26, 2013

လာမည့် ဘဏ္ဍာရေးနှစ် သမ၀ါယမ ဝန်ကြီးဌာန ချေးငွေပမာဏ တိုးမည်

0 comments


26.11.2013

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဆိုသော သမဝါယမ ဝန်ကြီးဌာနက ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ချေးငွေ ပမာဏများ တိုးမြှင့်ချေးပေးမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

သမဝါယမ အသင်းများကို ကျပ်ငွေ တစ်သိန်းမှ ကျပ်ငါးသိန်းအထိ တိုးမြှင့်ချေးသွားရန် စီစဉ်ထားကြောင်း သမဝါယမ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က The Voice သို့ ပြောကြားသည်။“အောင်မြင်ပြီး ယုံကြည်မှုလည်း ရှိတဲ့ အသင်းတွေကို တိုးချေးမှာပါ” ဟု ၎င်းကဆိုသည်။

သမဝါယမ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ချေးငွေပေးခြင်းကို ပုံမှန်စီးပွားရေး လုပ်ငန်းများအတွက် သာမန်ချေးငွေ၊ ကျန်းမာရေးနှင့် လူမှုရေး လုပ်ငန်းများအတွက် အရေးပေါ် ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ အတွက် အထူးချေးငွေ သုံးမျိုး ခွဲပေးပြီး တိုးမြှင့်ချေးမည်မှာ ကုန်ထုတ်လုပ်မှု အခြေပြုသည့် အသင်းများကို ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

သမဝါယမ ဝန်ကြီးဌာနသည် တစ်လလျှင် အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးနေပြီး တစ်နိုင်ငံလုံးရှိ အသင်း များကို ကျပ်ဘီလီယံ ၁၃၀ ချေးထားကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာနကို ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် သမဝါယမနှင့် ကုန်စည် ဖြန့်ဖြူးရေး ဝန်ကြီးဌာနအဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး ဗဟိုသမဝါယမအသင်း လီမိတက်တွင် အဖွဲ့ဝင် အသင်းပေါင်း ၄၀၀ ကျော် ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။

သမဝါယမ ဝန်ကြီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် စက်တင်ဘာလ အတွင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here