Tuesday, November 5, 2013

လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်အနက် ကိုးချက်ကို အစိုးရဘက်က သဘောတူပြီး ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးတွင် နှစ်ဖက်ကွဲလွဲမှုရှိ

0 comments

5.11.2013

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့တွင် လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်အနက် ကိုးချက်ကို အစိုးရဘက်က သဘောတူညီခဲ့ပြီး ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး ဝေါဟာရနှင့် ပတ်သက်ပြီး နှစ်ဖက်ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး အဲဒါကို တင်ပြတော့ သူတို့ကတော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ရေးရာ ကိစ္စဆိုတာမျိုး အဲလို ညှိနှိုင်းသွားဖို့ ပြောပြတယ်'' ဟု ပထမနေ့ ဆွေးနွေးပွဲ အပြီးတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

ထို့အပြင် လိုင်ဇာဘုံ သဘောတူညီချက် ၁၁ ချက်တွင် ပါဝင်သော ''လက်နက်ကိုင် တော်လှန်ရေး အင်အားစု'' ဆိုသော အသုံးအနှုန်းတွင် အစိုးရဘက်က ''တော်လှန်ရေး'' ဆိုသော စကားလုံးကို မသုံးစေချင်ကြောင်း သိရသည်။ သို့ရာတွင် မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့ ရလဒ်သည် ကောင်းမွန်ကြောင်း နိုင်ဟံသာက ဆိုသည်။
''လိုင်ဇာအစည်းအဝေးက ချမှတ်ထားတဲ့ မူ ၁၁ ချက်ကို ကျွန်တော်တို့ တင်ပြတော့ သူတို့ပြင်ဆင်မှုက သိပ်မများဘူးဗျ။ ထောက်ပြမှုလေ။ တော်တော်လေးကို လက်ခံတဲ့မူရှိတယ်။ အဓိက အားဖြင့်တော့ နိုင်ငံရေး အရ ဆွေးနွေးဖို့ ဆိုတာကိုလည်း လက်ခံတယ်။ နောက် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ပြီးတော့မှ ချမှတ်သွားဖို့ ဆိုတာကိုလည်း ဦးတည်တယ်ဗျ။ ဒါကိုတော့ သူတို့လည်း လက်ခံတယ်။

ဒါကတော့ တော်တော်လေးကောင်းတဲ့ လက္ခဏာပါပဲ။ ဒီ ၁၁ ချက် အပေါ် သူတို့သုံးသပ်တာ သိပ်မများဘူး။ Framework ကို ရေးဆွဲမှာနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စကို ဆွေးနွေးမှာနဲ့ကို သူတို့က အပစ်အခတ် ရပ်စဲရေးကို အရင်လုပ်ပါ။ နောက်မှ Framework ကို ညှိနှိုင်းပေါ့ဗျာ။ အဲဒါကို သူတို့တင်ပြတယ်'' ဟု နိုင်ဟံသာ က ပြောကြားသည်။

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စမှာ ကျွန်တော်တို့ အမြင်ကို သူတို့က လက်ခံပါတယ်။ စကားလုံး အသုံးအနှုန်း ညှိတာပဲ ဖြစ်ပါတယ်။ မူကို သဘောတူတဲ့ စကားလုံးကတော့ အကောင်းဆုံး ရှာရမှာပေါ့။ ညှိလို့ရပါတယ်။ စကားလုံးက ပြဿနာ မဟုတ်ဘူး။ ကျွန်တော်တို့ တင်တာကို သူတို့က ထောက်ပြတာက ကြီးမားတဲ့ ပြဿနာလို့ မမြင်ဘူး။ ညှိနှိုင်းလို့ရတယ်။ အဖြေရှာလို့ ရတယ်။ အဲဒီလိုပဲ မြင်တယ်။ မနက်ဖြန်လည်း ကောင်းကောင်း ဆွေးနွေးလို့ရမယ် ထင်တယ်...


ပထမနေ့ ဆွေးနွေးမှုတွင် လိုင်ဇာသဘောတူညီချက်ကိုအစိုးရကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ဒုတိယနေ့ တွင် အစိုးရဘက်က ရေးဆွဲသော မူကြမ်းတစ်ရပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ ဘက်က ဆွေးနွေးမည်ဟု သိရသည်။''ကျွန်တော်တို့က သူတို့ရဲ့ လိုင်ဇာ သဘောတူညီချက် ၁၁ ချက် အဲဒါကို ကြည့်တယ်။ နောက်ပြီး ကျွန်တော်တို့ဆီက နိုင်ငံတော် အစိုးရပေါ့။အဲဒါတပ်မတော်လည်းပါတာပဲ။ နိုင်ငံတော်ပေါ့ ဗျာ။ နိုင်ငံတော်က လုပ်တဲ့ မူဘောင်ပေါ့။ လိုင်ဇာကလုပ်တဲ့ မူဘောင်ရှိတယ်။ နိုင်ငံတော်က လုပ်တဲ့ မူဘောင်ရှိတယ်။ အဲဒါကို မနက်ဖြန်မှာ ကျွန်တော်တို့ ဆက်ဆွေးနွေးသွားမယ်'' ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပထမနေ့ ဆွေးနွေးပွဲ အပြီးတွင် ပြောကြားသည်။

''ကျွန်တော်တို့ ဘက်ကလည်း တင်ပြတယ်။ အစိုးရ ဘက်ကလည်း မူသဘောထားတွေ၊ မူကြမ်းတွေကို တင်ပြကြပါတယ်။ အချေအတင် ဆွေးနွေးတာတော့ မရှိဘူး။ ဒီနေ့ရလဒ်ဟာ ကျွန်တော်တို့ နှစ်ဖက်စလုံး ပွင့်ပွင့်လင်းလင်းတင်ပြနိုင်တယ်''ဟုချင်းအမျိုးသားတပ်ဦး(CNF)၏အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်း
လျန်မှုန်းဆာခေါင်းက ပြောကြားသည်။ထို့အပြင် လိုင်ဇာဘုံသဘော တူညီချက် ၁၁ ချက်အနက် ကိုးချက်ကို အစိုးရက ချက်ချင်း သဘောတူညီ ခဲ့ကြောင်း သိရှိရပြီး ကွဲလွဲသည့် သုံးချက်ကိစ္စကို ဒေါက်တာ ဆလိုင်းလျန်မှုန်းက အတိအကျ ပြောဆိုခဲ့ခြင်း မရှိပေ။ဖက်ဒရယ် တပ်မတော်ကိစ္စရပ်နှင့် ပတ်သက်ပြီး ခေါင်းစဉ်ကိုသာ ဆွေးနွေးခြင်းဖြစ်ပြီး သဘောထား ဆိုင်ရာများကို ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
''ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စမှာ ကျွန်တော်တို့ အမြင်ကို သူတို့က လက်ခံပါတယ်။ စကားလုံး အသုံးအနှုန်း ညှိတာပဲ ဖြစ်ပါတယ်။ မူကို သဘောတူတဲ့ စကားလုံးကတော့ အကောင်းဆုံး ရှာရမှာပေါ့။ ညှိလို့ရပါတယ်။ စကားလုံးက ပြဿနာ မဟုတ်ဘူး။ ကျွန်တော်တို့ တင်တာကို သူတို့က ထောက်ပြတာက ကြီးမားတဲ့ ပြဿနာလို့ မမြင်ဘူး။ ညှိနှိုင်းလို့ရတယ်။ အဖြေရှာလို့ ရတယ်။ အဲဒီလိုပဲ မြင်တယ်။ မနက်ဖြန်လည်း ကောင်းကောင်း ဆွေးနွေးလို့ရမယ် ထင်တယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here