Saturday, November 23, 2013

တမူးတွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိ

0 comments
23.11.2013


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း နိုဝင်ဘာလ တတိယပတ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်မှု များ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က တမူးမြို့မှ ထွက်ခွာလာသော ရွှေဝါမြေ ကားအသင်းပိုင် တမူး-ကလေး ကားကို နန်းမြင့်ဟန် တံတားအနီးတွင် ရပ်တန့် ရှာဖွေရာ ယာဉ်မောင်း ဦးချမ်းမြေ့အောင်၏ ထိုင်ခုံနောက်ဘက် ဆန်အိတ် များ အောက်တွင် ဂုန်နီအိတ် အပိုင်းအစများဖြင့် ဖုံးအုပ်သယ်ဆောင် လာသော စက္ကူဖာ ခုနစ်ဖာအတွင်းမှ အလေးချိန် ၅၂ ဒသမ ၄ ကီလိုရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြား ၅၂၄,၀၀၀ ပြား၊ ယင်းဆေးပြားအမှုန့် ၁၇၉၅ ကီလို၊ စုစုပေါင်း ဆူဒိုအက်ဖီဒရင်း ၇၀ ဒသမ ၃၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ တမူးမြို့ စော်ဘွား (၂) ရပ်ကွက်နေ ဒေါ်ချောစုလှိုင် ၃၅ နှစ်၏ နေအိမ်မှ သယ်ဆောင်ခဲ့သည်ဟု သိရပြီး နေအိမ်ကို ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးများ မတွေ့ရှိရကြောင်း၊ ယာဉ်မောင်း ဦးချမ်းမြေ့အောင်နှင့် ဒေါ်ချောစုလှိုင် တို့ကို မယ (ပ) ၅၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆ (ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

“ဒီဆေးဝါးတွေရဲ့ ပိုင်ရှင်က တမူးမြို့ပေါ်ကပါ။ တိမ်းရှောင် သွားတဲ့အတွက် သူ့ကို ဖမ်းမိဖို့ ဆက်လက် ဆောင် ရွက်နေပါတယ်” ဟု ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းအပြင် နိုဝင်ဘာလ ၂၁ ရက်နေ့က တမူး-ကလေး ကားလမ်းပေါ်ရှိ ခွန်မွန်းနွမ် ကျေးရွာအနီးတွင် မြို့နယ် ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဉ် တမူးမြို့မှ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်သေတ္တာ အတွင်းမှ တန်ဖိုး ၁၅,၁၂၀,၀၀၀ ကျပ်ရှိ ဘိန်းဖြူ ပါဝင်သော ဆပ်ပြာခွက် ၂၁ ခွက် ကို တွေ့ရှိသဖြင့် ဆိုင်ကယ် မောင်းနှင်လာသူ ဦးဘိုဘို ၂၁ နှစ်ကို တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းက မယ(ပ) ၅၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(ပ)/၂၁ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

တမူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိနေပြီး နေ့စဉ် ဖမ်းဆီးသွားနိုင်ရန် ကြိုးစားနေကြောင်း ယင်းခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ကလည်း ကလေးမြို့နယ် အတွင်းရှိ ရေနံမှော်များသို့ ပို့ဆောင်မည့် ကျပ်သိန်း ၆၅၀ တန်ဖိုးရှိ WY ပန်းရောင် စိတကြွ ရူးသွပ်ဆေးပြား ၁၃,၀၀၀ ပြားကို ကမ္မကြီး ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့တွင်ပင် ကလေး-တမူးလမ်းပေါ်တွင် ကျပ်သိန်း ၆၅၀ တန်ဖိုးရှိ WY ပန်းရောင် စိတ်ကြွဆေးပြား ၁၃၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here