Saturday, November 23, 2013

၂၀၁၄ နှစ်ကုန်ပိုင်းမှသာ ဝန်ဆောင်မှု စတင်နိုင်မည်ဟု တယ်လီနောဆို

0 comments
ရန်ကုန်၊ နိုဝင်ဘာ ၂၂

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလိုင်စင် ထုတ်ပေးရေး နှောင့်နှေးနေ မှုကြောင့် ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု များကို ခန့်မှန်းထားသည်ထက် နောက်ကျ၍ ၂၀၁၄ ခုနှစ် တတိယသုံးလပတ် (နှစ်ကုန်ပိုင်း) မှသာ စတင်နိုင်ဖွယ် ရှိကြောင်း နော်ဝေအခြေစိုက် တယ်လီနော၏ အမှုဆောင် အရာရှိချုပ် Mr.Jon Fredrik Basksaas ကို ကိုးကား၍ ရိုက်တာ သတင်း ဌာနက ဖော်ပြသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် လိုင်စင်ကိစ္စ အပြီးသတ်ရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသော်လည်း ထို့ထက် နောက်ကျဖွယ် ရှိသည်ဟု ခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။ 
“တယ်လီနောက ရေရှည် ရင်းနှီးမြှုပ်နှံမယ့်သူ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ နောက်ထပ် လပိုင်းလောက် စောင့်ရတယ်ဆိုတာ ကျွန်တော်တို့ အတွက် အခက်အခဲ မရှိပါဘူး” ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ဆိုသည်။ 

ဥပဒေထွက်ရှိချိန် နောက်ကျသည့်အတွက် လိုင်စင်ချပေးရန် နှောင့်နှေးနေခြင်း ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီများ အခွင့်အရေးရရန် အချိန်ဆွဲခြင်း မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သို့သော် MPT ဖုန်း သုံးစွဲသူ အများစုကမူ ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများမှာ စိတ်ပျက်ဖွယ်ကောင်းပြီး နိုင်ငံတကာ ကုမ္ပဏီများ ဝင်လာပါက ယှဉ်ပြိုင်နိုင်ဖွယ် မရှိခြင်းကြောင့် လိုင်စင်ချပေးရေးကို အချိန်ဆွဲသည်ဟု ယူဆနေကြသည်။

မြန်မာအစိုးရက ကတိပေးထားသည့် အချိန်ထက် အမြဲနောက်ကျနေမှုမှာ နိုင်ငံတကာ ကုမ္ပဏီများဘက်မှ ကြည့်ပါက စိတ်ပျက်ဖွယ် ကိစ္စ ဖြစ်ကြောင်း၊ တိုင်းပြည် ဂုဏ်သိက္ခာနှင့် သက်ဆိုင်သဖြင့် ကတိကို အလွယ်မပေးဘဲ ပေးပြီးလျှင်လည်း ကတိ အတိုင်း လုပ်ဆောင်သင့်ကြောင်း အိုင်တီပညာရှင်များက ထောက်ပြကြသည်။

The  Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here