Tuesday, November 12, 2013

ခုနစ်နှစ်အရွယ် မိန်းကလေးကို သတ်ပြီး ပီနံအိတ်ဖြင့် ထုပ်လျက် မြောင်းမြမြစ်အတွင်း စွန့်ပစ်ခဲ့သူ ၁၄ နှစ်အရွယ် လူငယ်အား ဖော်ထုတ်နိုင်ခဲ့

0 comments
12.11.2013

မြောင်းမြမြို့တွင် နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သော အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ရုတ်တရက် ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာတွင် ပီနံအိတ်ဖြင့်ထည့်လျက် ပြန်လည်တွေ့ရှိရသည့် လူသတ်အလောင်း ဖျောက်ဖျက်မှုနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သည်ဟု ဆိုသော စွပ်စွဲခံရသူကို မြောင်းမြရဲစခန်းမှ နိုဝင်ဘာ ၁၀ ရက်တွင် ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက်တွင် မြောင်းမြမြို့ အမှတ် (၆) ရပ်ကွက်၊ အောင်မင်္ဂလာ(၁)လမ်းတွင် မိဘများဖြစ်သူ ဦးရဲနိုင်ဦး၊ ဒေါ်သင်းမြတ်ဦးတို့၏ သမီးဖြစ်သူ မနှင်းသီရိလှိုင် အသက် (၇ နှစ်) သည် နေအိမ်အတွင်း ဆော့ကစားနေစဉ် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး သုံးရက်အကြာတွင် မြောင်းမြမြစ်အတွင်း ကျောက်အိုင်ရွာ ဘက်ကမ်းတွင် သေဆုံးလျက် ပြန်လည် တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောင်းမြရဲစခန်းမှ လူပျောက်မှုမှ လူသတ်မှုသို့ ပြောင်းလဲစစ်ဆေး စုံစမ်းရာ ဖိုးလုံး (၁၄) နှစ် (ဘ) ဦးအောင်နိုင် (မွေးစား ဖခင်) မှ ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် ဖိုးလုံးမှာ အခင်းဖြစ်ပွားရာ နေအိမ်တွင်းရှိ ဂိုဒေါင်တွင် စပါးခွံများ သွားရောက် သယ်ဆောင်ခဲ့ကြောင်း၊ ဂိုဒေါင်သော့ကို သေဆုံးသူ ကလေးငယ်မှ လာရောက် ဖွင့်ပေးခဲ့ကြောင်း၊ ဒုတိယအကြိမ် သွားရောက် သယ်ဆောင်ရာတွင် သေဆုံးသူမှ ရောက်လာပြီး ''မြန်မြန်လုပ်၊ မပြီးသေးဘူးလား'' ဟု ပြောဆိုခဲ့ကြောင်း၊ ကလေးငယ် ဂိုဒေါင်ဝမှ လှည့်ပြန်စဉ် ဖိုးလုံးက ကလေးငယ်ကို နောက်မှလက်ပြန်ရိုက်၍ ၀ဲဘက်လက်ဖြင့် ကလေးငယ်၏ ကုပ်ကိုကိုင်၍ ယာဘက်လက်ဖြင့် နှာခေါင်းနှင့် ပါးစပ်အား ပိတ်ထားခဲ့ကြောင်း၊ ကလေးငယ်မှ ရုန်းကန်နေသဖြင့် ဂိုဒေါင်ထဲသို့ ဆွဲခေါ်သွားခဲ့ပြီး ရုန်းကန်နေသော ခြေနှစ်ချောင်းအား ၎င်း၏ခြေနှစ်ဖက်ဖြင့်ညှပ်ကာ လက်နှစ်ဖက်ဖြင့် ကလေးငယ်၏ ပါးစပ်နှင့် နှာခေါင်းတို့ကို ပိတ်ထားစဉ် ကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို ဂိုဒေါင်အတွင်းရှိ ပီနံအိတ် အတွင်းထည့်၍ ဂိုဒေါအတွင်း ထောင်ထားကာ ဂိုဒေါင်အပြင်သို့ လူရှင်းမရှင်း ထွက်ကြည့်၍ လူရှင်းသောကြောင့် အလောင်းထည့်ထားသော ပီနံအိတ်ကို ထမ်းကာ ဒိုဘီကုန်းချောင်း အတွင်းသို့ ပစ်ချခဲ့ကြောင်း မောင်ဖိုးလုံး၏ ကျူးလွန်ခဲ့ပုံကို ပြန်လည် သရုပ်ပြ စစ်ဆေးရာမှ သိရသည်။

ယင်းကဲ့သို့ ကျူးလွန်ရခြင်းမှာ သေဆုံးသူ၏ အဘွားဖြစ်သူက ၎င်းတို့အား မွန်းလွဲ ၂ နာရီမှ ထမင်းကျွေးကြောင်း၊ ထမင်းကျွေးရာတွင်လည်း ဟင်းဖြင့်မကျွေးဘဲ ခေါက်ဆွဲဖြင့်သာ ကျွေးကြောင်း၊ စိတ်မထင်လျှင် ပါးနှစ်ဖက်အား အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း၊ သေဆုံးသူ၏ ဖခင်မှလည်း ၎င်းအား အိပ်ရာနှိုးစဉ် မထ၍ လက်ဖြင့်အကြိမ်ကြိမ် ရိုက်နှက်ခဲ့သည်ကို မကျေနပ်သဖြင့် ယခုလို ကျူးလွန်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here