Tuesday, November 12, 2013

ထိုင်း-ရန်ကုန်-အိန္ဒိယ ကားလိုင်းသစ် သတ်မှတ်ရက်တွင် မပြေးဆွဲနိုင်သေး

0 comments
12.11.2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန် ၊ ရန်ကုန်မှ တဆင့် အိန္ဒိယ နိုင်ငံ အင်ဖာ မြို့အထိ ပြေးဆွဲမည့် ကားလိုင်းသစ် စတင် ပြေးဆွဲ ရန်သတ်မှတ်ထားသည့် ရက်တွင် မပြေးဆွဲနိုင်သေးပာု ယင်းကား လိုင်းသစ် ပြေးဆွဲမည့် ရန်ကုန် Air Bus အသင်း ဥက္ကဌ ဦးသာနိုင်က နိုဝင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောကြားသည်။

အဆိုပါ ကားလိုင်းသစ်အား နိုဝင်ဘာ လေးရက်နေ့တွင်ပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း လိုအပ် သည့် ထောက်ခံချက်၊ စာရွက်စာတမ်းများ မရရှိသေးသဖြင့် ကားလိုင်းသစ် စတင်ပြေးဆွဲမည့်ရက်ကို နိုဝင်ဘာ ၂၈ နေ့ ကို ပြောင်းလဲ သတ်မှတ် လိုက်ခြင်းဖြစ်သည်။

“သက်ဆိုင်ရာ ၀န်ကြီးဌာနက၀န်ကြီးက ကားလိုင်းကို မပြေးဆွဲပါနဲ့ဦး။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုံမှ စပြီးပြေး ဆွဲပါလို့ မေတ္တာရပ်ခံလို့ပါ။ မဟုတ်ရင် ကြားကားအဖြစ်ပြေးဆွဲလို့ရတယ်လေ။ကားပြေးဆွဲမယ်ဆို တာ ကလည်း ဖြတ်သန်း သွားရမယ့် ဒေသတွေက လိုအပ်တဲ့စာရွက်စာတမ်းတွေက လိုသေးတယ်”ဦးသာနိုင်က ဆိုသည်။

အဆိုပါ ခရီးစဉ်ကိုတစ်ပတ်လျှင် ခရီးစဉ်သုံးကြောင်း ပြေးဆွဲမည်ဖြစ်ပြီး ကားစီရေ ၂၀ ဖြင့် စတင်ပြေးဆွဲမည်ဖြစ်သည်။ ကားလိုင်းသစ်ကို အဲကွန်း မီနီ ဘတ်စ်ကား ခရီးသည် ၃၆ ယောက်ဆန့်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီးခရီးစဉ်မှာ ဗန်ကောက်၊ မြိတ်၊ ထားဝယ်၊ ရန်ကုန်၊ မန္တလေး၊ တမူး၊ အင်ဖာ အထိ အဆင့်ဆင့် သွားရမည်ဖြစ်သည်။

အဆိုပါ ကားလိုင်းသစ် ပြေးဆွဲရသည့် ရည်ရွယ်ချက်မှာ ဆီးဂိမ်းကာလတွင် အိမ်နီးချင်းနိုင်ငံများမှ ခရီးသည်များ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်စေရန်ရည်ရွယ်၍ ပြေးဆွဲခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံဖြတ်ကျော် ဘတ်စ် ကားလိုင်းဖြစ်သည်။

ခရီးစဉ် အစ အဆုံး တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ခန့်  ကျသင့်မည်ဖြစ်ပြီး ဘန်ကောက်မြို့ (ထိုင်းနိုင်ငံမှ) ရန်ကုန် အထိ ခရီးစဉ်အတွက် ကျပ် ၆၀၀၀၀ ခန့်  ကျသင့် မည်ဖြစ်ကာ ရန်ကုန်မှ အင်ဖာမြို့ (အိန္ဒိယနိုင်ငံ) အထိ ခရီးစဉ် အတွက် ကျပ် ၆၀၀၀၀ ခန့် ကျသင့်မည် ဖြစ်သည်။

(မဇ္ဈိမသတင်းဌာန)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here