Thursday, November 28, 2013

မြေဖို့ရန် ဝယ်ယူထားသော မြေများထဲမှ လက်ပစ်ဗုံး ၅၈ လုံးတွေ့

0 comments


28.11.2013

အိမ်ရှေခြံဝင်းတွင် မြေဖို့ရန် ဝယ်ယူထားသော မြေကြီးထဲမှ လက်ပစ်ဗုံး ၅၈ လုံး တွေ့ရှိမှုကို မြောက် ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် (၃) ရပ်ကွက် ခရေလမ်း အိမ်အမှတ် ၂၇၄/( က ) တွင် နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အိမ်ပိုင်ရှင် ဒေါ်အေးအေးမွန်က ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော သမာဓိ အုတ်၊ သဲ၊ ကျောက် ရောင်း ဝယ်ရေး ဆိုင်မှ ဝယ်ယူခဲ့သော မြေကြီးများကို ရပ်ကွက်တွင်း အလုပ်သမား နှစ်ဦးအား အိမ်တွင်းသို့ သယ်ယူပေးရန် အိမ်ရှင်က မှာကြားခဲ့ပြီး မြို့တွင်းရှိ အထည်အရောင်းဆိုင်သို့ သွားခဲ့ရာ လမ်းခုလတ်တွင် အိမ်တွင် ဗုံးတွေ့သည်ဟု အကြောင်းကြားမှသာ သိရှိခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“အိမ်ထဲကို မြေသယ်မလို့ လုပ်နေတုန်း သံလုံးလေးတွေ တွေ့လို သေချာကြည့်ကြည့်တာ လက်ပစ်ဗုံး ပုံစံမျိုးလေး တွေ့ရတယ်။ တချို့အလုံးလေးတွေမှာ စနက်တံ ကွင်းလေးတွေ တွေ့တဲ့အတွက် လက်ပစ်ဗုံးလို့ ယူဆပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာ” ဟု ဗုံးများကို စတင်တွေ့ရှိ သည့် မြေ သယ်လုပ်သား ဦးမြင့်ဌေးက ပြောကြားသည်။

အဆိုပါ ဂဝံမြေကြီးများကို မင်္ဂလာဒုံမြို့နယ်ရှိ ခုတင် ၃၀၀ ဆံ့ ဆေးရုံဝင်းအတွင်း ဘောလုံးကွင်း စီမံကိန်းမြေမှ သယ်ယူလာခြင်း ဖြစ်ပြီး မြေတင်စက်မှတစ်ဆင့် SKAT အမျိုးအစား ဟိုက်ဒရောလစ် စနစ်သုံး မြေသယ်ယာဉ်ပေါ်သို့ တင်ခဲ့သဖြင့် ယာဉ်ပေါ်တွင် ပါလာခဲ့သည်ကို မသိ ရှိကြောင်း ၊ မြေကြီးများကို မြေပေါ်သို့ချရာတွင် မြေသယ်ယာဉ်ကဟိုက်ဒရောလစ်စနစ်ဖြင့်လှန်ချခြင်း ဖြစ်သောကြောင့် လက်ပစ် ဗုံးများ ပါလာသည်ကို မသိရှိခဲ့ကြောင်း သမာဓိအုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးမှ အဆိုပါ မြေကြီးများ တင်ဆောင်လာသည့် မြေသည် ယာဉ်မောင်း ဦးသန်းထွန်းက ပြောဆိုသည်။
“အဲဒီမှာ ကျွန်တော်တို့ဆီက ကားတွေ မြေကြီး သွားသယ်နေတာ နှစ်ရက် အတွင်း အခေါက် ၂၀ လောက် ရှိနေပြီ။ ဒီတစ်စီးကျမှ ပါလာတာ”ဟု ၎င်းကဆိုသည်။

အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက လက်ပစ်ဗုံးဟု အတည်ပြုခဲ့ပြီး လက်ပစ်ဗုံး၏ အရွယ်အစားမှာ အလျား ၃ ဒသမ ၇၅ လက်မ၊ အချင်း ၂ ဒသမ ၅ လက်မ၊ လုံးပတ် ရှစ်လက်မ ၊ အောက်ခြေအချင်း ၁ ဒသမ ၅ လက်မ ရှိပြီး သံကြေးများ တက်နေသည်ကို တွေ့ရှိ ရကြောင်း ဝေဘာ ဂီမြို့သစ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လက်ပစ်ဗုံးများသည် စစ်ကျန် လက်ပစ်ဗုံးများ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

စတင်တွေ့ရှိသော ဗုံးများမှာ ပေါက်ကွဲနိုင်ခြင်း ရှိမရှိကိုမူ ဝေဘာဂီမြို့သစ် ရဲတပ်ဖွဲ့စခန်းက အတည်မပြုနိုင်ကြောင်း၊ လက်ပစ်ဗုံးများနှင့် ပက်သက်သည့် အသေးစိတ် သိရှိနိုင်ရန် အမှတ် (၉၀၆) စစ်မြေပြင် တပ်ရင်း (အင်းတကော်) သို့ ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း ဝေဘာဂီမြို့သစ် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The  Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here