Thursday, November 28, 2013

မန္တလေးမြို့ ရေဆိုးစွန့်ထုတ်မှုနှင့် သန့်ရှင်းရေးဆိုင်ရာများ မန်းစည်ပင်နှင့် ဂျပန် ပူးပေါင်း ဆောင်ရွက်မည်

0 comments
28.11.2013

မန္တလေးမြို့တော်အတွင်း ရေဆိုးစွန့်ထုတ်မှု၊ ရေနှင့် သန့်ရှင်းမှုဆိုင်ရာများကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံ Kitakyushu မြို့ရှိ ရေနှင့် ရေဆိုးသန့်စင်မှုဌာနတို့ ပူးပေါင်း၍၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ သုံးနှစ်စီမံကိန်းဖြင့် လုပ်ဆောင်သွားမည်ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်က မဇ္ဈိမကို ပြောသည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်နိုင်ရန် ဂျပန်ပညာရှင်များက မန္တလေးမြို့ကို တစ်နှစ်ခွဲအချိန် ယူကာ သုတေသန ပြုလုပ်ခဲ့သည်။“လိုအပ်တဲ့ လေ့လာမှုတွေ လုပ်ဆောင်ပြီးမှ ဒီသုံးနှစ် Project ဆွဲတာပါ။ သူတို့ကနေ ရေနဲ့သန့်ရှင်းမှု ဆိုင်ရာ နည်းပညာတွေ ပံ့ပိုးပေးမှာပါ”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ ရေနှင့် သန့် ရှင်းမှုဌာန ဌာနမှူးဦးတင့်လွင်က ပြောသည်။

စီမံကိန်းအတွက် ကုန်ကျငွေကိုမန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဘဏ္ဍာငွေဖြင့် အသုံး ပြုမည်ဖြစ်ပြီး ဂျပန်နိုင်ငံ ရေနှင့် ရေဆိုးသန့်စင်မှုဌာနမှ ရေနှင့်သန့်ရှင်းမှုအတွက် ပစ္စည်း ကိရိယာများနှင့် ပိုးသတ်စနစ်အတွက်လည်း ပစ္စည်းကိရိယာများ ပံ့ပိုးပေးမည့်အပြင် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ၀န်ထမ်းများကိုလည်း ဂျပန်နိုင်ငံသို့ ခေါ်ယူ၍ သင်တန်းပေး မည် ဖြစ်သည်။ သို့သော် ကုန်ကျစရိတ် အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိသေးပေ။

“အဓိက ရပ်ရွာသန့်ရှင်းဖွံ့ဖြိုးလာမှ မြို့ရွာခေတ်မီဖွံ့ဖြိုးလာမှာပါ။ ဒါကြောင့် အပတ်စဉ် ပြည်သူနဲ့ထိတွေ့ မှုတွေ လုပ်နေတာပါ”ဟု မြို့တော်ဝန် ဦးအောင်မောင်းက ဆိုသည်။ထိုသို့လုပ်ဆောင်နိုင်ရန် နိုဝင်ဘာ ၂၅ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန် နိုင်ငံ Kitakyushu မြို့ရှိ ရေနှင့် ရေဆိုးသန့်စင်မှုဌာန၏ အမှုဆောင်အရာရှိ Mr. Tomimasu Kenji၊ နိုင် ငံတကာ စီမံကိန်း ဌာန၏ ဒါရိုက်တာ Mr. Kiyama တို့က နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေး ထိုးခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှလည်း မန္တလေးမြို့တော် ခေတ်မီ ဖွံ့ဖြိုး တိုးတက် လာ စေရန် ၂၀၁၀ ပြည့်နှစ်မှစတင်ခါ နှစ် ၃၀ စီမံကိန်းကို ကဏ္ဍ ၁၁ ခုဖြင့် အကောင် ထည်ဖော် ဆောင် ရွက် နေပြီး ထိုကဏ္ဍ ၁၁ ခုကို ငါးနှစ်တစ်ကြိမ်နှုန်းဖြင့် ခြောက်ကြိမ်ခွဲ၍ အကောင်ထည်ဖော်မည်ဟု သိရ သည်။

ထို နှစ် ၃၀ စီမံကိန်းတွင် မြေယာစီမံခန့်ခွဲမှုနှင့် မြို့မြေတိုးချဲ့ရေး၊ လမ်းတံတား၊ ရေမြောင်းလုပ်ငန်း၊ ရေ ဆိုးသန့်စင်ရေးနှင့် မိလ္လာ သိမ်းဆည်းစွန့်ပစ်ရေး၊ သောက်သုံးရေရရှိရေး၊ စွန့်ပစ်အမှိုက် သန့်ရှင်းယာဉ်ရပ် နားစခန်းများ အဆင့်မြင့်ရေး၊ မြို့တော်စိမ်းလန်း စိုပြည်ရေးနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ တည် ဆောက်ခြင်းတို့ ပါဝင်ကြောင်းစီမံကိန်းအတွက် ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ အဆိုပါ နှစ် ၃၀ စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် အရပ်ဘက် စည်ပင်အကြံပေး အဖွဲ့များကိုလည်း ၂၀၁၃ ခုနှစ်၊ မတ်လမှစ၍ အဆင့်ဆင့် ဖွဲ့စည်းပေးခဲ့ပြီး ထိုအဖွဲ့မှ မြို့တော်၏ လိုအပ်ချက်နှင့် လုပ် ဆောင် သင့်သည်များ တင်ပြလာပါကလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here