Friday, November 1, 2013

အသွင်ကူးပြောင်းရေးအတွက် အထောက်အပံ့ ဖြစ်စေမည့် တပ်မတော်ဖြစ်ရေး အမေရိကန် ကူညီမည်

0 comments
1.11.2013

မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး စာမျက်နှာသစ် ပြန်လည် ဖွင့်လှစ်ခဲ့သော အမေရိကန် တပ်မတော် က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ ဖြစ်စေမည့် တပ်မတော် တစ်ရပ် ဖော်ဆောင်နိုင်ရန် အထောက်အပံ့ ကောင်းများ ပေးအပ် သွားမည် ဖြစ်ကြောင်း အမေရိ ကန် ပြည်ထောင် စု ၏ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Scot Marciel က The Voice သို့ ပြောကြား သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ သည်လည်း အရေးပါသောကြောင့် လူ့အခွင့်အရေး လေးစားလိုက်နာပြီး ခေတ်မီ ကျွမ်းကျင် တပ်မတော် တစ်ရပ် ဖြစ်လာစေရေးအတွက် အမေရိကန် တပ်မတော်က သင်တန်းများ၊ နည်းပညာ အထောက်အပံ့များအပြင် အတွေ့အကြုံများ မျှဝေပေးရန် အစီအစဉ်များ ရှိကြောင်း ၎င်းကဆိုသည်။“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေမယ့်၊ သင့်လျော်မယ့် တပ်မတော် တစ်ရပ် ပေါ်ထွန်းလာစေ ဖို့ကိုလည်း အမေရိကန်တပ်မတော် အနေနဲ့ ကူညီသွားမှာပါ” ဟု ၎င်းကဆိုသည်။

အမေရိကန် တပ်မတော်က ပေးအပ်မည့် အခြားထောက်ပံ့မှုများတွင် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ပါက မြန်မာ့တပ်မတော်အနေနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရိက္ခာထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက်လည်း သင်တန်းများ၊ နည်းပညာ ဖလှယ်မှု များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် အမေရိကန် တပ်မတော်သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင် တိုးတက်လာမှုအပေါ် မူတည်၍ မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍ ပိုမိုပီပြင်အားကောင်း လာစေရန် အဆင့်ဆင့် ဆောင်ရွက်ပေးသွားရန်များ ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူး ဆက်ခံတော့မည့် မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံ များ ဖော်ဆောင်မည့် ပန်းတိုင်များကို အကောင်အထည် ဖော်ရန်သာမက ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေးနှင့် စည်းလုံးညီညွတ်မှု ရှိစေရေး အတွက်လည်း မြန်မာနိုင်ငံ၏ အခန်း ကဏ္ဍသည် အရေးပါကြောင်း Mr. Scot Marciel က မှတ်ချက်ပြု ပြောကြားသည်။

အမေရိကန် အစိုးရသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက မြန်မာတပ်မတော်ကို အမေရိကန် တပ်မတော်၏ ထင်ရှားသော Cobra Gold စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် ဖိတ်ခေါ်ခဲ့ပြီး ယခုနှစ် အစောပိုင်း ကလည်း မြန်မာနိုင်ငံကို ပဋိပက္ခကိုင်တွယ် ဖြေရှင်းရေးအတွက် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here