Tuesday, November 5, 2013

ထိုင်းတွင် မြန်မာ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန် ကြိုးပမ်း၍ ရုန်းရင်းဆန်ခတ်ဖြစ်

0 comments


မကြာသေးခင်က ထိုင်း လုပ်ငန်းရှင် လင်းမယား ညှဉ်းပန်း နှိပ်စက်ခံထားရသည့် အသက် ၁၂ နှစ် အရွယ် ကရင် အမျိုးသမီးငယ်

5-11-2013

ထိုင်းနိုင်ငံ စမူပါကန်ခရိုင် ဘန်ဖီမြို့နယ်ရှိ ထိုင်း စမ်နစ် ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အမျိုးသမီး လုပ်သားတစ်ဦးကို ထိုင်းနိုင်ငံသား တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သဖြင့် အဆိုပါ ထိုင်းနိုင်ငံသားကို အရေးယူပေးရန် မြန်မာလုပ်သား ထောင်နှင့်ချီ စုဝေးတောင်းဆို ခဲ့ကြကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောကြားသည်။

ဘန်ကောက်မြို့တော် အနီးတွင် တည်ရှိသည့် ဘန်ဖီမြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အဆိုပါ မြန်မာအမျိုးသမီး၏ အခန်းကို စက်ရုံ တစ်ခုတည်း လုပ်ကိုင်သူ ထိုင်းနိုင်ငံသားတစ်ဦးက ဝင်ရောက်ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းအမျိုးသမီးက အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် အနီးအနား ရှိ မြန်မာလုပ်သားများ ရောက်ရှိ လာသဖြင့် အဆိုပါ ထိုင်းနိုင်ငံသားမှာ ထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် စက်ရုံထဲတွင် ဝင်ရောက် ပုန်းအောင်းနေစဉ် မြန်မာလုပ်သားများ ဖမ်းဆီးကာ ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း၊ ယင်းမုဒိမ်းကျင့်ရန် ကြိုးပမ်းမှုကြောင့် မြန်မာလုပ်သား ထောင်ချီ၍ စက်ရုံရှေ့တွင် စုဝေးလာပြီး အရေးယူပေးရန် တောင်းဆို ခဲ့ကြကြောင်း MWRN ထံမှ သိရှိရသည်။

မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ဖြစ်စဉ်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိနှင့် လုပ်သားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးများ ဝင်ရောက် ညှိနှိုင်းပေးခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရှိရသည်။

မုဒိမ်းကျင့်ရန် ကြိုးပမ်းခံရသည့် အဆိုပါ မြန်မာ အမျိုးသမီးကို ဆေးစစ်ဆေးချက်များယူကာ ဘန်ဖီမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားကြောင်း ဦးအောင်ကျော်က ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား နှစ်သန်းထက် မနည်းရှိပြီး မုဒိမ်းကျင့်မှု၊ သတ်ဖြတ်ခံရမှု၊ လုပ်သား အခွင့်အရေး ချိုးဖောက်ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here