Monday, November 11, 2013

ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍအပေါ် ဘဏ္ဍာငွေ သုံးစွဲမှုများ အသီးသီး တိုးမြှင့်ခဲ့သော်လည်း ၎င်းမှာ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး၏ နှစ်ရာခိုင်နှုန်းအောက်သာ ရှိနေဆဲ

0 comments
သံလျင်ပြည်သူ့ ဆေးရုံတွင် ဆေးကုသရန် စောင့်ဆိုင်းနေသည့် လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
 
ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍအပေါ် ဘဏ္ဍာငွေ သုံးစွဲမှုများ အသီးသီး တိုးမြှင့်ခဲ့သော်လည်း ယင်းတိုးမြှင့်မှုမှာ အစိုးရ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး၏ နှစ်ရာခိုင်နှုန်းအောက်သာ ရှိနေကြောင်း "မြန်မာနိုင်ငံ လူမှုရေးကဏ္ဍ အများပြည်သူ သုံးစွဲငွေ ဘတ်ဂျက်ခွဲဝေ ချထားပေးခြင်းနှင့် သုံးစွဲခြင်းများကို လေ့လာခြင်း" စာတမ်းတွင် ဖော်ပြချက်အရ သိရသည်။

ပညာရေး၊ ကျန်းမာရေး အပါအ၀င် လူမှုရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်မှာ စုစုပေါင်း နိုင်ငံ့ သုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းခန့်သာရှိပြီး ယင်းကဏ္ဍများအတွက် လူတစ်ဦး တစ်နှစ် အသုံး စရိတ်မှာ ကျပ် ၉၀၀၀ အောက်သာ ရှိနေကြောင်း သိရသည်။

နိုင်ငံတကာ စံချိန်စံနှုန်းဖြင့် ကြည့်ပါက လူမှုရေး ကဏ္ဍများ (ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဝန်ထမ်း) တွင် အစိုးရ၏ သုံးစွဲငွေမှာ လွန်စွာနည်းပါးနေပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်ပါ ကျန်းမာရေးအတွက် သုံးစွဲငွေမှာ အစိုးရ စုစုပေါင်း သုံးစွဲငွေ၏ ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ပညာရေးအတွက် ၁၁ ရာခိုင်နှုန်းနှင့် လူမှုဝန်ထမ်းအတွက် ၀ ဒသမ ၂၉ ရာခိုင်နှုန်း ရှိကြောင်းနှင့် ယင်းပမာဏကို ဂျီဒီပီ၏ ရာခိုင်နှုန်းအဖြစ် ကြည့်ပါက ကျန်းမာရေး ၀ ဒသမ ၇၆ ရာခိုင်နှုန်း၊ ပညာရေး ၁ ဒသမ ၄၆ ရာခိုင်နှုန်း၊ လူမှုဝန်ထမ်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းထက် လျော့နည်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဖြည့်စွက်ဘဏ္ဍာငွေ ထပ်မံတိုးမြှင့် ရရှိရေး အတွက် ဆွေးနွေးတိုင်ပင်နေချိန်တွင် သဘာဝ သယံဇာတ တင်ပို့ရောင်းချမှုမှ ရရှိသော ၀င်ငွေများကို ခွဲဝေသုံးစွဲရာ၌ ကလေးသူငယ်များအတွက် အဓိက ဦးစားပေးရန်၊ ကလေးသူငယ်များအတွက် လူမှုရေး ဆိုင်ရာ ဘဏ္ဍာငွေ သုံးစွဲမှု သိသိသာသာ တိုးမြှင့်ရန် အုပ်ချုပ်ရေးနှင့် ဥပဒေပြု ကဏ္ဍမှ တာဝန်ရှိသူများ အား ယူနီဆက်(ဖ်)မှ တိုက်တွန်း ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရဘတ်ဂျက် ကျပ်သန်းထောင်ပေါင်း ၇၁၃၃ ရှိခဲ့ပြီး ကာကွယ်ရေးအတွက် အသုံးစရိတ်မှာ ကျပ်သန်းထောင်ပေါင်း ၂၇၃၉ (၃၈ ဒသမ ၄ ရာခိုင်နှုန်း) ရှိခဲ့သော် လည်း ပင်စင်မှအပ လူမှုရေး အသုံးစရိတ်မှာ ကျပ်သန်းထောင်ပေါင်း ၂၀၆၉ (၂၉ ရာခိုင်နှုန်း) ရှိခဲ့ကြောင်း ယူနီဆက်(ဖ်)မှ ထုတ်ပြန်ချက်အရ သိရသည်။

သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့ရောင်းချငွေမှ ရရှိသော ၀င်ငွေ၏ ၀ ဒသမ ၉ ရာခိုင်နှုန်း သည် နှစ်စဉ် မြန်မာတစ်နိုင်ငံလုံး၌ လိုအပ်သော ကာကွယ်ဆေးအားလုံးကို ၀ယ်ယူနိုင်ကြောင်း၊ ပြည်ပသို့ ကိုးရက်တာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချငွေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မူလတန်းကျောင်း အားလုံးရှိ မူလတန်းအဆင့် ဆရာ/ဆရာမ တစ်ဦးစီ တိုးမြှင့်ခန့် ထားနိုင်ကြောင်းနှင့် ကျောက်စိမ်း တစ်ကီလို ရောင်းချမှုမှ ရရှိသော အခွန်ငွေ တစ်ဒေါ်လာဖြင့် ပြီးခဲ့သည့် ကိုးနှစ်တာ ကာလအတွင်း မူလတန်းအတွက် စာသင်ခန်း စုစုပေါင်း ၁၄၆၀၀ ခန့် ဆောက်လုပ်နိုင်ကြောင်း ယူနီဆက်(ဖ်)မှ ထုတ်ပြန်ခဲ့သည့် "သဘာဝ အရင်းအမြစ်မှ လူ့စွမ်းအား အရင်းအမြစ်သို့ မြန်မာနိုင်ငံ ကလေး သူငယ်များ အတွက် လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသည့် လတ်တလော အရင်းအမြစ် ရှာဖွေခြင်း" အစီရင်ခံစာအရ သိရသည်။

ကုလသဂ္ဂ အစီရင်ခံစာအရ နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံသည် တစ်နေ့လျှင် ကျပ် ၁၁၀၀ အောက်နှင့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ၈၅ ရာခိုင်နှုန်းသည် ကျပ် ၂၂၅၀ အောက်သာ ၀င်ငွေရရှိသည်ဟု ခန့်မှန်းထားကြောင်းနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး စသည့်နိုင်ငံ၏ လူ့အရင်းအမြစ်နှင့် မိသားစု ၀င်ငွေကို တိုးတက်စေသော ၀န်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိကြကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here