Thursday, November 14, 2013

EU က ငါးနှစ်အတွင်း ယူရိုသန်းပေါင်း ၅၀၀ကျော် ထောက်ပံ့ရန် ကမ်းလှမ်း

0 comments

14.11.2013

ဥရောပသမဂ္ဂ EUအဖွဲ့က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့်ငါးနှစ်အတွင်း ယူရိုသန်းပေါင်း ၅၀၀ ကျော် ထောက်ပံ့ကူညီရန် နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်သော မြန်မာ-ဥရောပသမဂ္ဂလုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်းအဝေးတွင် ကမ်းလှမ်းခဲ့သည်ဟု ထိုအစည်းအဝေးတက်ရောက်လာသည့် နိုင်ငံတော် သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ပြောသည်။

“အခုလို အကူအညီမျိုးက အသွင်ကူးပြောင်းနေတဲ့အခြေအနေမှာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာ ဖြစ်လေ့ရှိတာက အကူအညီပေးတိုင်း ရလာဒ်မပေါ်တဲ့ ပြသနာတွေလည်း ရှိပါတယ်။ အဓိက ပြောကြားချင်တာက နိုင်ငံထဲမှာ ကိုယ်တိုင်ကိုယ်ကျဆွဲလာတဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပေးတဲ့ အကူအညီတွေနဲ့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးမှုတွေ လုပ်ကြမှာဖြစ်တယ်” ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။

ဥရောပသမဂ္ဂက ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု စသည့် ကဏ္ဍများအတွက် အကူအညီပေးအပ်မည် ဖြစ်သည်။

ထို့ပြင် မြန်မာနှင့်ဥရောပသမဂ္ဂအဖွဲ့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသည့် အစိုးရတစ်ရပ် ဖော်ဆောင်ရေးလုပ်ငန်းစဉ်များသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက တိုက်တွန်းခဲ့သည်ဟု ဒေါက်တာဇော်ဦးက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေး အကြီးအကဲ မစ္စကက်သရင်း အက်ရှ်တန် နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ဆွေးနွေးခဲ့သည်။ ထို့အပြင် နေပြည်တော်တွင်လည်း နိုဝင်ဘာလ ၁၅ရက်အထိ ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။ 

(မဇ္ဈိမသတင်းဌာန)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here