Friday, November 15, 2013

OIC ၏ အကူအညီကမ်းလှမ်းမှု လွှတ်တော် ဒုတိယဥက္ကဋ္ဌ မတုံ့ပြန်

0 comments


အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်အဖွဲ့(OIC) မှ လူမှုရေးလုပ်ငန်းများနှင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် အကူအညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် နားထောင်ရုံမှအပ တုံ့ပြန်ဆွေးနွေးခြင်းမရှိဟု အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အဖွဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် တို့မှ အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

“OIC အဖွဲ့က သူတို့ ဒီကိုလာတဲ့ကိစ္စ ရှင်းပြတယ်။ မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စတွေကို ကြားနေရတာ တွေကို မျက်မြင် ကိုယ်တွေ့ လေ့လာချင်လို့လာတယ်ဆိုတာ ပြောတယ်။ နောက်ပြီး လူ့အဖွဲ့အစည်း နှစ်ရပ်လုံးကို လူမှုရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ကူညီချင်တယ်လို့ပြောတယ်။ လွှတ်တော် ဒု-ဥက္ကဋ္ဌဘက်ကတော့ အဲဒီကမ်းလှမ်းမှုကို ဘာထင်မြင် ချက်မှ မပေးဘူး။ တုံ့ပြန်ပြောတာလည်း မရှိဘူး။ သူတို့ဘက်က ကမ်းလှမ်းတာပဲရှိတယ်”ဟု ဦးထွန်း အောင်ကျော် က ပြောသည်။

OIC အတွင်းရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေးအဖွဲ့ဝင် ခုနစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင် ၅၀ ကျော်တို့သည် မြန်မာနိုင်ငံခရီးစဉ်အဖြစ် နိုဝင်ဘာ(၁၃)ရက်မှ ၁၇ ရက်အထိ ရခိုင်ပည်နယ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာများကို မျက်မြင်လက်တွေ့ လေ့လာနိုင်ရန်အတွက် ရောက်ရှိခဲ့ ခြင်း ဖြစ်သည်။

အစ္စလာမ်ဘာသာဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က “OIC က ရခိုင်ပြည်နယ်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတင်မကပါဘူး။ မည်သည့်နေရာ၊ ဒေသမဆို အစိုးရနဲ့ ညှိနှိုင်းပြီး ကူညီပေး မယ်ဆိုတာမျိုးကို လွှတ်တော် ဒု-ဥက္ကဋ္ဌနဲ့ ဆွေးနွေးသွားတယ်”ဟု ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “(OIC) က ရခိုင်ပြည်နယ် အပေါ်မှာ လူမျိုး/ဘာသာ မခွဲခြားဘဲ ကူညီမယ်ဆိုတာတော့ ကြိုဆိုပါတယ်။ ကူညီမယ်ဆိုတာကို ဘယ်အတိုင်း အတာထိ ကူညီမလဲဆိုတာကို ရခိုင်တိုင်းရင်းသားတွေက ဘယ်လို ကြိုဆိုကြမလဲ။ သူတို့ မကြိုဆိုဘူး ဆိုရင်လဲ မတတ်နိုင်ဘူးပေါ့”ဟု ဆိုသည်။

OIC အဖွဲ့သည် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်လည်း နိုဝင်ဘာ ၁၄ ရက်က နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်တွင် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက် လေ့လာမည် ဖြစ်သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here