Monday, December 16, 2013

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃၀ ၏ အမည်စာရင်းများ ထုတ်ပြန်

0 comments
16.12.2013

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃၀ ၏ အမည်စာရင်းများနှင့် မှတ်ပုံတင်ရန် Registry of Interest (ROI) ဖော်ပြချက်များအား လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃၀ မှာ ပုဂံညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး၊ မော်လမြိုင်၊ ခန္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊ လွိုင်ကော်၊ အမ်း၊ ကိုကိုးကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊ ကျိုင်းတုံနှင့် ကျောက်ဖြူလေဆိပ်များ ဖြစ်သည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုရာတွင် လေဆိပ်တစ်ခုလုံးအား လွှဲပြောင်း လုပ်ကိုင်သည့် နည်းလမ်းကို ဦးစားပေးသွားမည်ဖြစ်ပြီး၊ လေဆိပ်တစ်ခုလုံးအား လွှဲပြောင်း ရယူခြင်း မရှိဘဲ ကဏ္ဍအလိုက် လွှဲပြောင်းရယူ လုပ်ကိုင်လိုသူများအတွက် ကဏ္ဍများအား ROI ဖော်ပြချက်တွင် ကဏ္ဍ ၁၀ ခု ခွဲခြားဖော်ပြထားကြောင်း သိရသည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုရာတွင် နိုင်ငံတကာလေဆိပ် အဆင့်သို့ တိုးမြှင့်လုပ်ကိုင်ခွင့် ပြုမည်မဟုတ်ဘဲ ပြည်တွင်းလေဆိပ်များ အဖြစ်သာ အဆင့်မြှင့်တင် လုပ်ကိုင်ရ မည်ဖြစ်သည်။ ယင်းအပြင် ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုအား ခွင့်ပြုမည် မဟုတ်ဘဲ သက်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ဥပဒေအတိုင်းသာ လိုက်နာသွားရမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ ပြည်တွင်းလေဆိပ်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုမယ့် နေရာမှာ တင်ဒါစနစ်နဲ့ ရွေးချယ်သွားမှာပါ။ အဓိက ငွေကြေးခိုင်မာ တောင့်တင်းမှုနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုရှိတဲ့ ကုမ္ပဏီ အဖွဲ့စည်းကို ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here