Friday, December 13, 2013

မန်စီမှ ရှမ်းနီ ၆၀ ကျော်ကို ကေအိုင်အေ ဖမ်းထားဟု ရှမ်းနီပါတီ ဥက္ကဋ္ဌဆို

0 comments


13.12.2013

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးကျော်ကို ကေအိုင်အေ တပ်ရင်း (၁၂) က ဒီဇင်ဘာ ပထမပတ် အတွင်း ဖမ်းဆီးထားကြောင်း တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က The Voice သို့ ပြောကြားသည်။မန်စီမြို့နယ်နှင့် နှစ်မိုင်မျှသာ ဝေးသော မန်ဖွရွာမှ လယ်ရိတ်သိမ်းနေသော ရွာသားများ အပါအဝင် လမ်းသွား လမ်းလာများနှင့် အနီးရှိရွာများမှ ရှမ်းနီ တိုင်းရင်းသား ၆၀ ဦးအပြင် ကချင်လူမျိုး ၁၀ ဦးကိုပါ ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“စစ်တပ် (အစိုးရတပ်) က ရွာနဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်။ ဒါနဲ့ အကူအညီ သွားတောင်းတော့ သူတို့လည်း အထက်အမိန့် မရလို့ ဘာမှလုပ်လို့ (ကူညီလို့) မရဘူးလို့ ပြောတယ်။ လယ်သိမ်းနေတဲ့ အချိန်ဆိုတော့ ရွာသားတွေ ဒုက္ခရောက်တာပေါ့ဗျာ” ဟု တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ထပ်လောင်း ပြောကြားသည်။ယခုကိစ္စနှင့် ပတ်သက်၍ ရှမ်းနီပါတီမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းထံ ဒီဇင်ဘာလ ၁၁ ရက်နေ့က စာပေးပို့ထား ကြောင်း ၎င်းကရှင်းပြသည်။

“ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းက မြစ်ကြီးနားမှာ ရှိတဲ့ ကေအိုင်အို နည်းပညာ အထောက် အကူပြု အဖွဲ့ကို သွားပြောထားတယ်လို့ ပြောတယ်။ အခုထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ဦးဌေးအောင် က ပြောသည်။ယင်းကိစ္စနှင့် ပတ်သက်၍ The Voice က မြစ်ကြီးနားမြို့ရှိ ကေအိုင်အို အဖွဲ့၏ ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Advisory Team) ထံသို့ ဆက်သွယ် ခဲ့သော်လည်း တယ်လီဖုန်း ပိတ်ထားသဖြင့် ဆက်သွယ်၍ မရပေ။

အစိုးရ နှင့် KIO တို့၏ တိုက်ပွဲများကြောင့် ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းတွင် စစ်သား စုဆောင်းသည့် အနေနှင့် ရှမ်းနီ လူမျိုး ၂၀ ကျော်ကို KIA မှ ဖမ်းဆီး ခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ဖူးသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here