Monday, December 23, 2013

ကချင်စစ်ပြေးဒုက္ခသည်နှစ်ဦး ဖောက်ခွဲမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ

0 comments
23.12.2013

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များဟု စွပ်စွဲ၍ ထောင်ကျ ခံရသူ ကချင်စစ်ပြေးဒုက္ခသည် ဦးဘရန်ရုန်းနှင့် ဦးလဖိုင်ဂမ် တို့ကို ဖောက်ခွဲမှုဖြင့် ဒီဇင်ဘာလ ၁၉ ရက်တွင် ထောင်ဒဏ်ငါးနှစ် ထပ်မံချ မှတ်လိုက်သည်ဟု ယင်းတို့၏ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်း တွင် နေထိုင်ကြသည့် ထိုသူတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ဖောက်ခွဲမှုဖြင့် မြစ်ကြီးနားခရိုင် တရားသူကြီး ဦးနေလင်း က ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ် ချခံရမည် ဖြစ်သည်။

“သူတို့နှစ်ယောက်ကို ဖောက်ခွဲ - ၃ နဲ့ တစ်ယောက်ကို ထောင်ငါးနှစ် ထပ်ချလိုက်တယ်၊ သူတို့ စရဖမှာ ၀န်ခံတယ်ဆိုပြီး ပြစ်မှုကျူးလွန်မှု ထင်ရှားတယ်ဆိုပြီး အမိန့်ချလိုက်တယ်”ဟု ရှေ့နေဦးဂျီမာခါးက မဇ္ဈိမ ကို ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တရားရုံးတွင် ထွက်ဆိုသော သက်သေများ၏ ထွက်ဆိုချက်ကို အရေး မယူဘဲ အစိုးရ၏စစ်ဘက်ရေးရာအဖွဲ့(စရဖ)က စစ်ကြောရေးပြုလုပ်စဉ် ထွက်ဆိုမှုကိုသာ အရေးယူကာ အမိန့်ချမှတ်ခြင်း ဖြစ်သည်ဟုလည်း ဦးမာခါးက ပြောသည်။

“တရားရုံးမှာ ဖြစ်ရပ်မှန်ကို ကျမ်းကျိန်ဆိုပေမယ့် စရဖမှာထွက်ဆိုတဲ့ စကားကိုပဲ တရားရုံးက မှန်တယ်ဆိုပြီး ထောက်ခံတယ်”ဟု ပြောသည်။

ထို့ပြင် သူတို့၏ မိသားစုကလည်း မြစ်ကြီးနားမြို့မှ ရှစ်မိုင်ခန့် အကွာအဝေးရှိ ရွှေစက်ကျေးရွာ ဒုက္ခသည် စခန်းမှ တစ်ပတ်မှာ သုံးကြိမ်ခန့် တရားရုံးသွားရောက်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေ ရသည် ဟု သူက ဆက်ပြောသည်။

ဦးဘရန်ရုန်းတွင် တခြား ဖောက်ခွဲမှုအပါအ၀င် ပုဒ်မ လေးခုနှင့် ဦးလဖိုင်ဂမ်တွင် ပုဒ်မ သုံးခုတို့ဖြင့် တရား စွဲဆိုထား ဆဲဖြစ်သည်ဟု ရှေ့နေဦးဂျီမာခါးက ပြောသည်။

၎င်းတို့နှင့်အတူ အမှုတွဲ ဦးဇော်ဘောက်နှင့် ကိုမာလ(ခ)လရိန် တို့ကိုလည်း မြစ်ကြီးနားမြို့နယ် တရားရုံး က ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရကာ လက်ရှိ မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်။

ထိုလေးဦးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)လက်အောက်ခံတပ်ရင်း ၃၇ တာလောကြီးကျေးရွာရှိ စစ်ကြောင်းမှ ဗိုလ်ကြီးစိုးပိုင်နှင့်အဖွဲ့က KIA အဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး တစ်နှစ်ခွဲကျော်အကြာတွင် ထောင်ဒဏ်အသီးသီး ချမှတ်ခြင်း ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here