Friday, December 6, 2013

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပိုမိုလုပ်ဆောင်ရန် မုန်တိုင်းဒဏ်ခံ ဖိလစ်ပိုင်အား သမ္မတ ဦးသိန်းစိန် တိုက်တွန်း

0 comments
  

သမ္မတဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (Photo: AFP)

စီးပွားရေး ပိတ်ဆို့မှုများကို ဆယ်စုနှစ် နှစ်ခုနီးပါး ကြုံတွေ့ခဲ့ရပြီးနောက် ကျန်အာဆီယံ နိုင်ငံများကို အမီ လိုက်နိုင်ရန် မြန်မာနိုင်ငံ အနေဖြင့် အကူအညီများ လိုအပ်နေ၍ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပိုမိုလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၅ ရက်က တိုက်တွန်းခဲ့ကြောင်း အေပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်နိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေပြီး ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံသို့ ဖိလစ်ပိုင်နိုင်ငံသားများ ဗီဇာမလိုဘဲ ၀င်ရောက် ခွင့်ဆိုင်ရာ သဘောတူ စာချုပ်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပူးတွဲကုန်သွယ်ရေး ကော်မရှင် တည်ထောင်ရေး ဆက်လက် ဆွေးနွေးရန်လည်း နှစ်နိုင်ငံ သဘော တူညီ ခဲ့ကြသည်။

စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် အာဆီယံ နိုင်ငံများထဲတွင် တစ်နိုင်ငံ အပါအ၀င် ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ချီးကျူးခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက်ဖိလစ်ပိုင်သမ္မတအကွီနိုက မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော
 ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံကြောင်းနှင့် နည်းပညာ ပူးပေါင်းဆောင် ရွက်မှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များမှတစ်ဆင့်ကူညီထောက်ပံ့မှုများပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

နှစ်နိုင်ငံသမ္မတများ ဒီဇင်ဘာ ၅ ရက်က တွေ့ဆုံရာတွင် သက်ဆိုင်ရာ နိုင်ငံများရှိ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကောင်အထည် ဖော်နေမှုများကို ဆွေးနွေးခဲ့ကြပြီး နောင်လာမည့် ပူးပေါင်းဆောင်ရွက် မှုများအတွက် စစ်သံမှူး တစ်ဦးကို ဖိလစ်ပိုင်နိုင်ငံက ခန့်အပ်သွားမည် ဖြစ်ကြောင်း အကွီနိုက ပြောကြားသည်။

စူပါတိုင်ဖွန်းဟိုင်ရန်ဒဏ်သင့် ဖိလစ်ပိုင် နိုင်ငံသို့ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ သည့် မြန်မာနိုင်ငံ ကို ကျေးဇူးတင်ပါကြောင်းလည်း အကွီနိုက ဆိုသည်။

သမ္မတဦးသိန်းစိန်သည် ဖိလစ်ပိုင် နိုင်ငံသို့ ဒီဇင်ဘာ ၄ ရက်က ရောက်ရှိလာခဲ့ပြီး စူပါတိုင်ဖွန်းဟိုင်ရန် တိုက်ခတ်သွားသည့် ဒေသသို့ သွားရောက် ကြည့်ရှုပြီးနောက် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၆ ရက်တွင် ပြန်လာမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အင်အားအပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းများအနက် တစ်ခုအပါအ၀င်ဖြစ်သော တိုင်ဖွန်းဟိုင်ရန်သည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ကျွန်းစုများသို့ နိုဝင်ဘာ ၈ ရက်က ၀င်ရောက် တိုက်ခတ်ခဲ့ရာ မုန်တိုင်းလမ်းကြောင်းရှိ မြို့များမှာ မြို့လုံးကျွတ် ပျက်စီးခဲ့ပြီး လူပေါင်း ၅၅၀၀ ခန့် သေဆုံးခဲ့ကာ လူလေးသန်းခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်သည် ပထမဆုံး အကြိမ်ဖြစ်ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုသည် ၁၉၅၆ ခုနှစ် တွင် စတင်ခဲ့သည်။
 
Eleven  Media  Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here