Wednesday, December 4, 2013

မြန်မာ့တရားစီရင်ရေးမဏ္ဍိုင် ပြုပြင်ရန် နိုင်ငံတကာခုံသမာဓိကော်မရှင်တိုက်တွန်း

0 comments
4.12.2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲသင့်သည့် လုပ်ငန်းစဉ်များတွင် တရားစီရင်ရေး မဏ္ဍိုင်လည်း ပါဝင်နေပြီး ပြုပြင် ပြောင်းလဲမှု များ ပြု လုပ်ရန် နိုင်ငံတကာ ခုံသမာဓိကော်မရှင် International Commission of Jurists အာရှနှင့် ပစိဖိတ် ဒေသ ဆိုင်ရာ ညွှန် ကြားရေး မှူး Mr. Sam Zarifi က တိုက်တွန်းလိုက်သည်။

“အစိုးရအနေနဲ့ နိုင်ငံတော်ကိုပြုပြင် ပြောင်းလဲနေရုံနဲ့ မရပါဘူး၊ တရားစီရင် ရေးမဏ္ဍိုင်က အခြေအနေ မကောင်းသေးရင် ဘာမှ မတိုးတတ်လာနိုင်ဘူး၊ သက်ကြီးဝါကြီး အရည်အချင်းရှိတဲ့ ရှေ့နေကြီး တွေနဲ့ အစိုးရနဲ့တွေ့ဆုံပြီး ဘယ်လိုလုပ်သင့်တယ် ဆိုတာ သေချာဆွေးနွေး သင့်တယ်၊ တရားစီရင်ရေး မဏ္ဍိုင်ကို ပြောင်းလဲသင့်ပြီ” ဟု ရန်ကုန်မြို့ Chatrium Hotel တွင် ပြောဆို သွားခြင်းဖြစ်သည်။

Mr. Sam Zarifi က မြန်မာနိုင်ငံအတွင်းရှိ ရှေ့နေ အယောက် ၆၀ ကျော်ကို တွေ့ဆုံမေးမြန်းအပြီး မြန်မာ့တရားစီရင် ရေးနှင့် ပတ်သက် သည့် အစီရင်ခံစာကို လည်း ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်မှုအပြီး ပြောဆိုသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း တရားစီရင်ရေး မဏ္ဍိုင်မှာ လွတ်လပ်ပြီး အုပ်ချုပ်ရေးအာဏာနှင့် ကင်းလွတ်သည့် တရားစီရင်ရေး မဏ္ဍိုင်ဖြစ်လာရန် အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုကင်းပြီး ရှေ့နေများကို အကာအကွယ်ပေးမည့် Bar Council ကောင်စီတစ်ရပ် လိုအပ်သည် ဟုလည်း Mr. Sam Zarifi က ပြောသည်။

Mr. Sam Zarifi ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင်လည်း Bar Council နှင့် ပတ်သက်၍ ဖေါ်ပြထားရာတွင် နိုင်ငံ့ ရှေ့နေများ၏ အကျိုးကို ကာကွယ်ပေးခြင်းမရှိဘဲ မျှတထိရောက်သည့် တရားစီ ရင်ရေး မဏ္ဍိုင်ဖြစ်ပေါ်လာရန် ရှေ့နေများ၏ ကဏ္ဍကို မြှင့် တင်းပေးခြင်း မရှိဟု ဆိုထားသည်။

“မြန်မာနိုင်ငံမှာ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှု ဆိုတာ ရှိနေတာကလည်းအင်မတန် အရေးကြီးတဲ့ ပြဿနာပဲ၊ တရားစီရင်ရေးမဏ္ဍိုင်ကို ပြန်လည်ကောင်းမွန်အောင် ပြင်သင့်နေပြီ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

တရားစီရင်ရေး မဏ္ဍိုင်အား အခြေ ခိုင်စွာ တိုးတက်ရန် အဂတိလိုက်စားမှု စွပ်စွဲချက်များအား ထိရောက်စွာ စုံစမ်းမေးမြန်းခြင်း များ ပြုလုပ်ရန်၊ ပြည်ထောင် စု ရှေ့နေချုပ်နှင့် လွှတ်တော်တို့က အထူးလွတ်လပ်သည့် လုပ်ထုံးလုပ်နည်း များ ပြဋ္ဌာန်း ရန် လိုအပ် သည် ဟု လည်း ICJ ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ဥပဒေ သင်တန်းကျောင်းများတွင် ကျောင်းသားသစ်များအတွက် စံလိုအပ်ချက်များ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားခြင်းနှင့် အကဲဖြတ်ခြင်းတို့ ပံ့ပိုးမှသာ မြန်မာနိုင်ငံဥပဒေပညာရေး တိုးတက်လာမည် ဟုလည်း အစီရင်ခံစာက ဆိုထားသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here