Tuesday, December 31, 2013

ပအိုဝ်းနှစ်ပါတီပေါင်းစည်းရန် ညှိနှိုင်းမည်

0 comments
31.12.2013

ပအိုဝ်းတိုင်းရင်းသားများပါတီနှစ်ခုဖြစ်သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)တို့ ပေါင်းစည်းရန် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုက ဒီဇင်ဘာ ၃၀ တွင် မဇိ္ဈမကို ပြောသည်။

“ပအိုဝ်းတိုင်းရင်းသားဦးရေက နည်းတယ်လေ။ လူမျိုးစုနည်းနေတဲ့အချိန် အချင်းချင်း အငြင်းပွားနေရင် ပအိုဝ်းပြည်သူတွေ လိုချင်တဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ အခု နှစ်ဖက် သဘောတူ ညီမှုအရ နှစ်ကြိမ်တွေ့ဆုံထားတယ်။ နှစ်ပါတီပေါင်းစည်းဖို့ ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။

နှစ်ပါတီပေါင်းစည်းမှုအတွက် တွေ့ဆုံညှိနှိုင်းရန် လာမည့်၂၀၁၄ ခုနှစ် ဇန်န၀ါရီ ပထမပတ်တွင် တောင် ကြီးမြို့၊ ကန်ကြီးရပ်ကွက်က ပအို့ဝ်းအမျိုးသား တပေါင်းကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့၊ တစ်သီးပုဂ္ဂလိက ပအိုဝ်းနိုင်ငံရေးသမားများ တက်မည်။

နှစ်ပါတီပေါင်းစည်းနိုင်ပါက ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ သထုံနှင့် ကရင်ပြည်နယ်၊ ရှမ်းပြည် နယ် တောင်ပိုင်းရှိ ၁၀ မြို့နယ်တို့တွင် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်နိုင်ရန် မူဝါဒများ ချမှတ်ထား သည်ဟု ဦးခွန်ဝင်းက ပြောသည်။

“တွေ့ဆုံမှုမှာ နှစ်ပါတီညှိနှိုင်းလို့ ရလဒ်မပေါ်ရင် ပအိုဝ်းပြည်သူတွေရဲ့ သဘောဆန္ဒကို တောင်းခံသွား မယ်။ ပအိုဝ်းပြည်သူတွေရဲ့ ဆန္ဒအရ ဆက်ဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ပါတီပူးပေါင်းရန် ဆွေးနွေးသွားမည်ဖြစ်ကာ ဆွေးနွေးမှုများအပေါ်တွင် ဆုံးဖြတ်ချက်ချမည်ဟု (ပ.အ.မ.ဖ)ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးခွန်စိုးမြင့်က ပြောသည်။

“မူဝါဒကိစ္စတွေ ညှိနှိုင်းလို့ရရင်လဲ ပူးပေါင်းသွားမယ်။ ညှိနှိုင်းလို့မရရင်လဲ ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေနဲ့ပဲ ရပ်တည်သွားမယ်”ဟု ပြောသည်။

ယင်းတွေ့ဆုံမှုများပြီးပါက ပအိုဝ်းတစ်မျိုးသားလုံးနှင့်ဆိုင်သည့် ညီလာခံကို ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျင်းပနိုင်ရန် ရည်ရွယ်သည်ဟုလည်း ဦးခွန်စိုးမြင့်က ပြောသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီသည် ၁၉၅၁ ခုနှစ်တွင် စတင်ခဲ့ပြီး ပအိုဝ်းနိုင်ငံ ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မြို့နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံတင် ခွင့်မရခဲ့ သည့် ပါတီတစ်ခုဖြစ်သည်။

PNO သည် ၂၀၁၀ ခုနှစ် မေ ၁၃ ရက်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး၊၂၀၀၉ အောက် တိုဘာလတွင် ပအိုဝ်းအမျိုးသားတပ်မတော် PNA ကို PNO ၏ အသွင်ပြောင်းဌာနေ ပြည်သူ့စစ် အဖြစ် ပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ပအို့ဝ်းလူမျိုး ၁၅ သိန်းဝန်းကျင်ရှိနေပြီး ကရင်ပြည်နယ်၊ မွန်နှင့် ပဲခူးတိုင်းတို့တွင်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှစ်သိန်းဝန်းကျင်ခန့်နေထိုင်ကာ ဆီဆိုင်၊ပင်လောင်း၊ လွိုင်လင်၊ ဟိုပုံးတွင် ပအို့ဝ်းလူမျိုးများ အများဆုံး နေထိုင်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here