Tuesday, December 3, 2013

အနုပညာရှင်အချို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် ခေါ်ယူ စစ်ဆေးဖူးသော်လည်း လတ်တလော အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသည့် အချက်အလက်များ မှန်၊မမှန်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေး

0 comments
အနုပညာရှင်အချို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် ခေါ်ယူစစ်ဆေးဖူးသော်လည်း လတ်တလော အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသော အချက်အလက်များ မှန်၊ မမှန်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း ခဲ့ရာ၌ ပြန်လည် ဖြေကြားခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်တွင် Moe Zay Nyein Facebook Account ၌ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာ၏ အစစ်ခံချက်ဟုဆိုကာ ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ ရေးသားဖော်ပြမှုတွင် သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာ၏ မှုခင်းပိုင်းဆိုင်ရာ ထွက်ဆိုချက်အဖြစ် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရာမဆေးပြား၊ WY ဆေးပြား သုံးစွဲမှုများနှင့် ဆက်စပ်နေသည့် အနုပညာရှင်များအား ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ အနုပညာရှင်များ စာရင်းတွင် ထင်ရှားကျော်ကြားသည့် အနုပညာရှင် အများအပြား ပါဝင်ခဲ့သည်။ ဒီဇင်ဘာ ၁ ရက်တွင် Moe Zay Nyein facebook Account တွင်ပင် သရုပ်ဆောင် အကယ်ဒမီ န၀ရတ်၏ အစစ်ခံချက်ဟုဆိုကာ ထပ်မံ ဖော်ပြလာခဲ့သည်။ အဆိုပါ စစ်ဆေးချက်တွင် Ecstasy၊ WY ဆေးပြားများ သုံးစွဲမှုနှင့် ပတ်သက်၍ ရေးသားဖော်ပြထားခြင်း ဖြစ်ပြီး ပတ်သက် ဆက်နွှယ်နေသည့် အနုပညာရှင်များနှင့် အစိုးရအရာရှိကြီးများ၏ သားသမီးအမည်များလည်း ပါဝင်ခဲ့သည်။ Moe Zay Nyein Facebook Account တွင် အဆိုပါ အမှုတွဲများ၌ နာမည်ကြီး အနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ ပါဝင်ပတ်သက်နေခြင်းကြောင့် အမှုတွဲတွင် ပါဝင်သည့် တရားခံများ အားလုံးနီးပါး အပြစ်ပေး အရေးယူခံရခြင်း မရှိသည့်အတွက် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော သတင်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက "အဲဒီတုန်းက အနုပညာရှင် အချို့ကို ခေါ်ယူစစ်ဆေးခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ခေါ်ယူစစ်ဆေးတယ်ဆိုတာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက် ဆက်နွှယ်နေတယ်လို့ သတင်းရလို့ ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ တချို့ကို ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်။တချို့ကို ဒီအတိုင်း ပြန်လွှတ်လိုက်တယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အချက်အလက်တွေ မှန်၊ မမှန်ဆိုတာတော့ သေချာပြောလို့ မရသေးပါဘူး။ စစ်ခဲ့တာလည်း တော်တော်ကြာခဲ့ပြီ။ အဲဒီစစ်ချက်တွေက အပေါ်ရောက်သွားပြီ။ နောက်ပြန်လည် စစ်ဆေးဖို့တော့ အကြောင်းမရှိပါဘူး" ဟု ပြောကြားသည်။

အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသည်များနှင့် ပတ်သက်၍ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာကမူ ၎င်း၏ Facebook စာမျက်နှာတွင် "Facebook စာမျက်နှာပေါ်သို့ ရောက်ရှိလာသည့် အကြောင်းအရာများနှင့် ပတ်သက်၍ မိသားစု မိတ်ဆွေ သူငယ်ချင်းများနှင့် ကိုယ်တိုင်ပါ စိတ်ထိခိုက် ခံစားရကြောင်း၊ Moe Zay Nyein ၏ အမှန်တရား ဖော်ထုတ်သည့်ကိစ္စရပ်မှာ ၎င်းတင်မကဘဲ အကြောင်းအရာထဲ၌ အမည်ပါဝင်သည့် လုပ်ဖော်ကိုင်ဖက် အနုပညာရှင် မောင်နှမများကိုပါ များစွာ ထိခိုက်စေကြောင်း၊ Moe Zay Nyein ၏ တင်ပြချက်တွင် ပါဝင်သည့် ဓာတ်ပုံအပါအ၀င် အကြောင်းအရာအားလုံးကို လုံးဝလက်မခံကြောင်း၊ အစစ်အမှန်ဆိုခြင်းကို မယုံကြည်သည့်အတွက် အသိအမှတ်လည်း မပြုကြောင်း၊ အနုပညာရှင်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာများကို ကာယကံရှင်၏ ခွင့်ပြုချက်မရရှိဘဲ၊ တရားဥပဒေအရ အကြောင်းမတိုက်ဆိုင်(သို့မဟုတ်)တရားရုံးမှ ခွင့်ပြုချက်မရရှိဘဲ၊ လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်နေသူဟု ခိုင်လုံသော သက်သေ အထောက်အထား မရှိပါက လူအများ မြင်သာသော နေရာများတွင် ဖြန့်ဝေခွင့်မရှိကြောင်း ရှင်းလင်းထားသည်။

"အွန်လိုင်းပေါ်မှာ အနုပညာရှင်တွေရဲ့ မူးယစ်ဆေးဝါး သတင်းတွေနဲ့ ပတ်သက်လို့ အရင်တုန်းက စစ်ခဲ့ဖူးပါတယ်။ အဲဒီမှာတုန်းက သတင်းရလို့ ခေါ်ယူစစ်ဆေးတာ ဖြစ်တယ်။ အခြား မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ဆက်စပ်တယ်လို့ သတင်းရလို့ ခေါ်ယူစစ်ဆေးတာပါ။ ကျွန်တော်ကိုယ်တိုင် တစ်ယောက်ကို စစ်ဆေးခဲ့ဖူးတယ်" ဟု ရန်ကုန်တိုင်း မူးယစ် (အထူး) အဖွဲ့မှ ကြီးကြပ်သူအရာရှိ ဒုရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က "ဒါက Confidential ဖြစ်ရမယ့်ကိစ္စပါ။ ဘယ်လိုမှ ထွက်မလာသင့်ဘူး။ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေပေါ့။ ပြီးတော့ အဟောင်းကြီးလေ။ လွန်ခဲ့တဲ့ ၂၀၀၆ ကနေ ၂၀၀၈ က ကိစ္စကြီး။ ဒီလိုမျိုး ထုတ်ဖော်လာတဲ့အတွက် မိသားစုဝင်တွေ စိတ်ဆင်း ရဲရတယ်။ ဂုဏ်သိက္ခာ ထိခိုက်တယ်။ အများကြီး နစ်နာပါတယ်။ ဒါကလိုချင်တာ တစ်ခုအတွက် အနုပညာရှင်တွေကို ခုတုံးလုပ်တာလို့ မြင်တယ်။ ဒါမျိုးတော့ မဖြစ်သင့်ပါဘူး။ ဦးမျိုးအနေနဲ့ ကန့်ကွက်ပါတယ်။ ကျန်တဲ့ အနုပညာရှင်တွေလည်း ကန့်ကွက်ကြမှာပါပဲ"ဟု ပြန်လည် ဖြေကြားသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသော ထင်ရှားသည့် အနုပညာရှင် ၃၀ ဦးခန့် ပါဝင်နေပြီး လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၏ အမည်လည်း ပါဝင်နေခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက ငြင်းဆိုလိုက်ပြီး ၎င်းအနေဖြင့် ယခုပျံ့နှံ့နေသည့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို အစစ်အမှန် ဟုတ်၊ မဟုတ် စုံစမ်းဖော်ထုတ် သွားမည် ဖြစ်ကြောင်း ပြော ဆိုထားသည်ကို မဇ္ဈိမသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ Moe Zay Nyein Facebook Account ၌ အစစ်ခံချက်ဟု ဖော်ပြထားသည့် စာရင်းထဲတွင် ပါဝင်နေသည့် အနုပညာရှင် အချို့အား Daily Eleven မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

Eleven  Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here