Monday, December 23, 2013

အပစ်အခတ်ရပ်စဲရေး မူကြမ်း အတည်ပြုရန် အစိုးရနှင့် NCCT ချင်းမိုင်၌ ထပ်တွေ့မည်

0 comments
23.12.2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို အတည်ပြုနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ နောက်ဆုံးပတ် အတွင်း ပြုလုပ် မည် ဖြစ်ပြီး နှစ်ဖက် ရေးဆွဲထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို အတည်ပြုနိုင်ရန် အလွတ်သဘော ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြ ပြောဆိုသည်။

“အပစ်အခတ် ရပ်စဲရေး မူကြမ်းမှာ မတူတဲ့ နေရာတွေကို ထပ်မံညှိနှိုင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ နှစ်ဖက်ရေးဆွဲထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဒီဇင်ဘာ ၁၅ ရက်နေ့ က ပထမအကြိမ် ဆွေးနွေးခဲ့သော်လည်း သဘောထား ကွဲလွဲမှု ထက်ဝက်ရှိနေသဖြင့် ထပ်မံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာထံမှ သိရှိရသည်။နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး မူကြမ်းတွင် မည်သည့် အချက်များ ပါဝင်သည်ကို NCCT နှင့် အစိုးရဘက်မှ ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အစိုးရနှင့် NCCT နှစ်ဖက် ရေးဆွဲထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းမှာ အနည်းငယ်သာ ကွဲလွဲမှုရှိပြီး သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ တင်ပြ ထားပြီး ဒုတိယအကြိမ် ထပ်မံဆွေးနွေးရာတွင် အတည်ပြုနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း NCCT ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောကြားထားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင် ၁၃ ဦးပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို KIO ဌာနချုပ် လိုင်ဇာတွင် နိုဝင်ဘာ ပထမပတ်အတွင်း ပြုလုပ်သော တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင် များ ဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here