Thursday, December 12, 2013

အစိုးရနှင့် နိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးပါ ဆွေးနွေးမည်ဟု RCSS ဆို

0 comments
12.12.2013

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် အသင့်ဖြစ်နေပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပါအ၀င် အချက်သုံးချက်ကို ဆွေးနွေးမည်ဟု RCSS ၏ ဒု-ဗိုလ် ချုပ်ကြီး ယွက်ဆစ်က ထုတ်ဖော်ပြော ဆိုလိုက်သည်။

“ပထမတစ်ချက်ကတော့ နိုင်ငံတော်ရဲ့ ဥပဒေပြင်ဆင်ဖို့ လိုပါတယ်။ နိုင်ငံတော်ကို အုပ်ချုပ်ပုံ ဖက်ဒရယ် ပုံစံဖြစ်လာဖို့ အရေးကြီးပါတယ်။ ဒုတိယတစ်ချက်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်လာဖို့ အရေးကြီးပါ တယ်။ တတိယတစ်ချက်ကတော့ ဒီမိုကရေစီအုပ်ချုပ်ခွင့်ဖြစ်ဖို့ အရေးကြီးပါတယ်”ဟု ဒုတိယဗိုလ်ချုပ် ကြီးယွက်ဆစ်က ဒီဇင်ဘာ ပထမပတ်အတွင်း မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစိုးရမှချမှတ်ထားသည့် ငြိမ်းချမ်းရေးလမ်းစဉ်များဖြစ်သည့် အပစ်အခတ်ရပ်စဲရေး ပြီးမြောက်ပါက နိုင်ငံရေး လုပ်ငန်းစဉ် များ ဆွေးနွေးသည့် အခါ နိုင်ငံရေးဆွေးနွေးမှုများအဖြစ် အထက်ပါအချက်များ ပါဝင်မည် ဟု ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ပါဝင်သော အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂ ရက် အထိ လိုင်ဇာမြို့၌ ကျင်းပသော ဆွေးနွေးပွဲတွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ မူဘောင်ရေး ဆွဲခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ မတရားအ သင်းအဖြစ်မှ ပယ်ဖျက်ရေး စသည့် အချက် ၁၁ ချက်ကို ချမှတ်ခဲ့ပြီး ထိုအချက်များကို အကောင်အထည် ဖော်ရန်နှင့် ဆွေးနွေးညှိနှိုင်းရန် NCCT (တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) ကိုလည်း ဖွဲ့ခဲ့သေးသည်။

သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်သည့် လိုင်ဇာဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့ သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်ကို RCSS က လက်မှတ်ရေးထိုး ခြင်း မရှိခဲ့ပေ။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်သည့် ဒုတိယအကြိမ် ညီလာခံတစ်ရပ်ကို ကရင်ပြည်နယ် ဘားအံမြို့၌ ဒီဇင်ဘာလ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ထိုညီလာခံတွင် တိုင်းရင်းသား များ၏ ဘုံသဘောတူညီချက် ၁၁ ချက်နှင့် အစိုးရဘက်မှ ရေးဆွဲထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူဘောင်ကြမ်းများကို အဓိက ဆွေးနွေး မည်ဖြစ်သည်။

mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here