Wednesday, January 8, 2014

တာချီလိတ်မြို့မှာ မြေကွက်ဝယ်မယ်ဆို သတိပြုပါ

0 comments


8.1.2014

““ မယ်ဇလီဆိပ် တာချီလိတ် ”” ဟု မြန်ပြည်တလွှား ထင်ရှားကျော်ကြားတဲ့ ကျွန်တော်တို့ တာချီလိတ်မြို့လေးဟာ အလွန်သာယာလှပတဲ့ မြို့လေး တစ်မြို့ဖြစ်ပါတယ်။ ရှမ်း-အာခါ-လားဟူ-ပအို့ဝ် - ကချင်-ချင်း-၀-ကရင်-ရခိုင်-ဗမာ စတဲ့ တိုင်းရင်းသားညီကိုများ စုပေါင်း နေထိုင်ကြတဲ့ တာချီလိတ်မြို့လေး ကို ရောက်ရှိခဲ့ဖူးတဲ့ ဧည့်သည်တိုင်းက သဒ္ဒါ တရားကောင်း တဲ့မြို့ ၊ စေတနာတရားနဲ့ ကိုယ်ချင်းစာ စိတ်ကြွယ်ဝ တဲ့ မြို့လေး ၊ တာချီလိတ်သားတွေများ ဘယ်အချိန် ကြည့်ကြည့် မျက်နှာလေးတွေက ပြုံးရွှင်နေကြတာပဲ ဟု မုဒိတာအပွားခံရတဲ့မြို့လေးဖြစ်ပါတယ်။

သို့သော်လည်း ဆွမ်းဆန်ထဲ ကြက်ချေးရောဆိုသလို ကျွန်တော်တို့မြို့ရဲ့ အလှကိုဖျက်ဆီးနေတဲ့ အကြောင်းအရာလေး တခုကတော့ မကြာခဏ ကြားကြားနေရတဲ့ ““ မြေယာပိုင်ဆိုင်မှု အငြင်းပွားပြဿနာ””  တွေ ပဲဖြစ်ပါတယ်။

မြန်မာပြည်အနယ်နယ်အရပ်ရပ်ကနေ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်ကြသူတွေဟာ တာချီလိတ်မြို့လေးမှာ အလျဉ်းသင့်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရင်း ရေရှည်မှာ အိမ်ငှားဘ၀နဲ့ မနေထိုင်လိုကြတဲ့အတွက် မိမိတို့ရဲ့ ချွေးနည်းစာလေးတွေကို ကုတ်ခြစ်စုဆောင်းကြပြီး အိုးပိုင်အိမ်ပိုင်ဘ၀ကိုရရှိဘို့ ကြိုးစားကြပါတယ်။ ငွေကြေးအတန်အသင့် စုဆောင်းမိလာတဲ့အခါ မိမိတို့နဲ့သင့်လျော်မယ့် မြေကွက်ကလေးတွေကိုဝယ်ယူကြပါတယ်။ ဒီလိုဝယ်ယူကြရာမှာ မိမိပိုင်မြေကို ရိုးရိုးသားသားတန်ရာ တန်ကြေးနဲ့ရောင်းချကြသူများ ရှိသလို မသမာသောနည်းတွေနဲ့ ကျူးကျော်မြေတွေ ၊ တပါးသူပိုင်မြေတွေကို စာရွက်စာတမ်း အတုတွေနဲ့ လိမ်ညာရောင်းချကြသူအချို့လည်းရှိပါတယ်။

ဒီတော့ လိမ်ညာရောင်းချသူတွေက ငွေထုပ်ပိုက်ပြီး ပျော်မြူးနေချိန်မှာ ပိုင်ရှင်အစစ်အမှန်ပေါ်လာလို့ အနှစ်နှစ်အလလ ချွေတာစုဆောင်း ထားတဲ့ ငွေလေးနဲ့ ၀ယ်ထားတဲ့မြေကွက်လေး ဆုံးရှုံးရလို့ မျက်ရည်နဲ့မျက်ခွက်ဖြစ်ရသူက ရိုးသားတဲ့ မြေ၀ယ်သူတွေ ပါ။ ငွေကြေးလဲဆုံးရှုံးရ ၊ ရုံးရောက်ဂတ်ရောက် ၊ အချင်းချင်းလည်း အမုန်းပွားရနဲ့ အလွန်စိတ်သောကရောက်ကြရတာကို မြင်တွေ့နေရပါတယ်။

ဒါ့ကြောင့် စာရေးသူအနေနဲ့ မြေကွက် (သို့) အိမ် အရောင်းအ၀ယ်ပြုတော့မယ်ဆိုရင်
(၁) ရောင်းချသူရဲ့ ရိုးသား တည်ကြည်မှုကို အရင်ဆုံး စုံစမ်းလေ့လာပါ။
(၂) သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနလိုမျိုး ရုံး/ဌာနတွေမှာ မြေယာပိုင်ဆိုင်မှု ခိုင်မာမှု ရှိ/မရှိအရင်ဆုံးစိစစ်ကြည့်ပါ။
(၃) အရောင်းအ၀ယ်ပြုလုပ်ရာမှာလည်း ပေါ့ပေါ့ဆဆ သာမာန်အရပ်သုံးစာချုပ်တွေနဲ့ မချုပ်ဆိုပဲ
ဥပဒေပညာရှင်တွေနဲ့ သေချာစွာ လေ့လာ တိုင်ပင် ညှိနှိုင်းပြီးမှ ၀ယ်ယူ ချုပ်ဆိုကြပါလို့ စေတနာရှေ့ထားကာ တိုက်တွန်းရေးသားလိုက်ရပါတော့တယ်ခင်ဗျား။

Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here