Tuesday, February 11, 2014

အမေရိကန် နယ်နိမိတ်အနီးသို့ အီရန် စစ်သင်္ဘောများ ဦးတည် ခုတ်မောင်း

0 comments
11.2.2014

ပင်လယ်ကွေ့ ဒေသတွင်း အမေရိကန် စစ်သင်္ဘောများ အခြေစိုက်ထား သည်ကို တုံ့ပြန်သည့် အနေနှင့် အမေရိကန် ပြည်ထောင်စု နယ်နိမိတ် အနီးသို့ အီရန် စစ်သင်္ဘောများ ဦးတည် ခုတ်မောင်းရန် အမိန့်ပေး ထား သည်ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီး ဟတ်ဒတ်က ပြောကြားထားကြောင်း Reuters သတင်း တွင် ဖော်ပြထားသည်။

“အမေရိကန် ရေကြောင်းနယ်နိမိတ် အနီးကို အီရန် စစ်သင်္ဘောအုပ်စု ချဉ်းကပ်လာပါပြီ။ အဲဒီလို လုပ်ဆောင်ချက်မှာ သတင်းစကားတစ်ရပ် ပါဝင်နေပါတယ်” ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီး ဟတ်ဒတ် က ပြောကြားသည်။

ပါရှန်ပင်လယ်ကွေ့ ဒေသတွင်း အမေရိကန် ပြည်ထောင်စုက ရေတပ်အင်အား တိုးချဲ့ ချထားခြင်းကို တုံ့ပြန်သည့်အနေနှင့် အီရန်စစ်သင်္ဘောများ စေလွှတ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အီရန်စစ်သင်္ဘော အုပ်စုတွင် ဖျက်သင်္ဘော တစ်စင်းနှင့် ရဟတ်ယာဉ်တင် ထောက်ပံ့ပေး သင်္ဘော တစ်စင်းတို့ ပါဝင်ပြီး အီရန်နိုင်ငံတောင်ပိုင်း ဘန်ဒါအဘတ် ဆိပ်ကမ်းမှ ပြီးခဲ့သည့် လအတွင်း စတင် ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း Washington Post သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်သင်္ဘောများတွင် ဖွဲ့စည်းပုံပါ တပ်ဖွဲ့ဝင်များအပြင် ရေတပ်ဗိုလ်လောင်း အယောက် ၃၀ ကိုလည်း ခေါ်ဆောင်လာကြောင်း တောင်အာဖရိက ရေပြင်မှ တစ်ဆင့် အတ္တလန်တိတ် သမုဒ္ဒရာတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း အီရန်ရေတပ် ဗိုလ်ချုပ်ဟတ်ဒတ်က ပြောကြားသည်။

အမေရိကန် ရေကြောင်းနယ်နိမိတ် အနီးသို့ အီရန် စစ်သင်္ဘောများ ချဉ်းကပ်လာသည်ဆိုသော သတင်းများကို သံသယရှိကြောင်း ဝါရှင်တန်ရှိ အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦး က ပြောကြား သွားသည်။

“အပြည်ပြည်ဆိုင်ရာ ရေပြင်မှာ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ပါတယ်” ဟု ၎င်းက ဖြည့် စွက် ပြောကြားသည်။

အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်နှင့် ယင်းဒေသ ပြင်ပနေရာများ အထိပါ အင်အား ဖြန့်ကြက်နိုင်ကြောင်း အီရန်နိုင်ငံက ထုတ်ဖော် ပြသနေသည့် ကာလတွင် ယခုကဲ့သို့သော ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အမေရိကန်နှင့် မဟာမိတ် နိုင်ငံများကလည်း အီရန်နိုင်ငံအနီးရှိ ပင်လယ်ကွေ့ဒေသတွင် ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပုံမုန် ပြုလုပ်လေ့ရှိပြီး ကမ္ဘာ့ရေနံတင်ပို့မှု (ပင်လယ် ရေကြောင်းလမ်းမှ) ၄၀ ရာခိုင်နှုန်း ဖြတ်သန်း သွားလာနေသည့် ပင်လယ်ကွေ့ ရေပြင်တွင်း လုံခြုံမှု ရရှိစေရန် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း ပင်လယ်ကွေ့ဒေသကို အီရန်နိုင်ငံက မိမိတို့၏ သြဇာလွှမ်းမိုးရာ ဒေသဖြစ်သည်ဟု ရှုမြင်ထားပြီး အဆိုပါ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးချဲ့လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ခံယူထားသည်။

အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်လာပါက ပင်လယ်ကွေ့ဒေသ ထိပ်ရှိ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု အီရန်နိုင်ငံက ခြိမ်းခြောက်ထားပြီး အနောက်နိုင်ငံများ၏ စစ်ရေး လေ့ကျင့်မှုများသည် ယင်းကဲ့သို့သော အခြေအနေကို ကိုင်တွယ်နိုင်ရန် ကြိုတင် လေ့ကျင့်မှုဖြစ် သည်ဟု လေ့လာ သုံးသပ်သူများက ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here