Wednesday, January 8, 2014

မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံများ၌ နှစ်စဉ်ကင်ဆာရောဂါ ခုနစ်သိန်းနှင့်အထက် ဖြစ်ပွားနေပြီး အသက် ၄၀ နှင့်အထက် ကင်ဆာလူနာများ သေဆုံးနှုန်းမြင့်မား

0 comments
(ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်းရှိ သံဃာဆောင်တွင် တက်ရောက်ကုသနေသည့် လူနာ များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်))

မြန်မာအပါအ၀င် အာဆီယံဒေသတွင်း နိုင်ငံများတွင် နှစ်စဉ် ကင်ဆာရောဂါ ခုနစ်သိန်းနှင့် အထက် ဖြစ်ပွားနေပြီး အသက် ၄၀နှစ်နှင့်အထက် နောက်ဆုံးအဆင့် ကင်ဆာလူနာ များတွင် သေဆုံး မှုနှုန်းမြင့်မားနေကြောင်း သိရသည်။

အဆိုပါတွေ့ရှိချက်ကို ဇန်န၀ါရီ ၆ရက် မှ ၁၀ရက်အထိ ကျင်းပလျက်ရှိသည့် (၄၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် တင်သွင်းပြသခဲ့သည့် "၂၀၁၃ ခုနှစ် အာဆီယံနိုင်ငံများတွင် ကင်ဆာရောဂါကြောင့် ဖြစ်ပွားလာသည့် ၀န်ထုပ်ဝန်ပိုးနှင့် လူမှုစီးပွားရေး အပေါ် အကျိုးသက်ရောက်မှုအခြေအနေ လေ့လာခြင်း" ဟူသော သုတေသနစာတမ်း တွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် ယင်းကျန်းမာရေးဆိုင်ရာ သုတေသနစာတမ်း၌ မြန်မာအပါအ၀င် အာဆီယံနိုင်ငံများ၌ ကင်ဆာဝေဒနာရှင်တစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှု အခြေအနေကိုပါ သုတေသနပြုလုပ်ခဲ့ကြောင်းနှင့် သုတေသနပြုလုပ်ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာန၊ သွေးရောဂါဌာနနှင့် မေးရိုးခံတွင်းဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာန၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)၊ တပ်မတော်ဆေးရုံကြီး၊ ကင်ဆာရောဂါဌာနမှ ကင်ဆာဝေဒနာရှင်များအပါအ၀င်နှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများမှ ဝေဒနာရှင်များကိုလည်း သုတေသနပြုလုပ်ခဲ့ကြောင်း သိရသည်။

သုတေသနစာတမ်းတွင် မိသားစုအတွင်း ကင်ဆာဝေဒရှင်တစ်ဦးရှိပါက လူမှုစီးပွားအပေါ် သက်ရောက်မှု အခြေအနေကို သုတေသနပြုလုပ်ခဲ့ရာ လေးပုံတစ်ပုံမှာ ကင်ဆာဟု မသတ်မှတ်ခင် နာတာရှည် ကုသနေချိန်မှာပင် ကျန်းမာရေးစရိတ်များကြောင့် ၀န်ပိခဲ့ရသည်ဟု သုတေသနစာတမ်း တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါစီမံချက်သည် မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှု အခြေအနေများကို အဓိကသုတေ သနပြုလုပ်ခြင်း မဟုတ်ဘဲ ကင်ဆာဝေဒနာရှင်တစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှုအခြေအနေကိုသာ သုတေသနပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ၂၀၁၄ခုနှစ်တွင် ရရှိလာမည့် သုတေသနရလဒ်များပေါ်မူတည်၍ အာဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း ကင်ဆာရောဂါ ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကိုလည်း ဆက်လက်ဆွေးနွေးလုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေ လူဦးရေတစ်သိန်းတွင် ကင်ဆာဖြစ်ပွား သူ ၁၅၀ခန့်ရှိနေပြီး မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံး သူဦးရေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုများအရ လူဦးရေ သုံးသန်း အထက်တွင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိကူးစက်ရောဂါများ ဖြစ်ပွားနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့်ရှိနေပြီး ကူးစက် မဟုတ်သော ရောဂါများဖြစ်သည့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါများ၊ ဆီးချိုသွေးချို၊ နာတာရှည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ထိခိုက်ဒဏ်ရာနှင့် အခြားကူးစက် မဟုတ်သော ရောဂါဖြစ်ပွားနှုန်းမှာ ၇၀ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
 
EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here