Thursday, January 9, 2014

ရှမ်းနီမျိုးနွယ်စုများ ပြည်သူ့စစ်ဖွဲ့ရန် ကချင်ပြည်နယ် အစိုးရထံ တင်ပြမည်

0 comments
9.1.2014

ကချင်ပြည်နယ်အတွင်း နေထိုင်သော ရှမ်းနီ မျိုးနွယ်စုများကို KIO/KIA အဖွဲ့၏ စစ်သား စုဆောင်းရန် ဖမ်းဆီးမှုမှ ကာကွယ်ရန် ရှမ်းနီ မျိုးနွယ်စု ပြည်သူ့စစ် ဖွဲ့စည်းနိုင်ရေး ကချင်ပြည်နယ် အစိုးကို တင်ပြ မည် ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံ က ပြောကြားသည်။

KIO/KIA ကဖမ်းဆီးထားသော ရှမ်းနီလူမျိုးများကို ပြန်လွှတ်ပေးရန်အတွက် KIO အဖွဲ့နှင့် အရင်ဆုံး ညှိနှိုင်းမည် ဖြစ်ပြီး ညှိနှိုင်း၍ မရပါက ပြည်သူ့စစ် ဖွဲ့စည်းပေးရန် အစိုးရကို တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကိုယ့်တိုင်းရင်းသားတွေ လက်နက် အားကိုးပြီး အနိုင်ကျင့် ခံနေရတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

KIO မှ ဖမ်းဆီးထားသော ရှမ်းနီ တိုင်းရင်းသား ၁၇ ဦး လွတ်မြောက်ရေးနှင့် ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများ ဖိနှိပ်ခံရမှုများနှင့် ပတ်သက်ပြီး KIO နှင့် ဆွေးနွေးရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အကြောင်းကြားစာ ပို့ထားကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ထံမှ သိရသည်။

ယင်းသို့ တွေ့ဆုံရန် အစိုးရထံသို့ အကူအညီ တောင်းခံထားသည်မှာ ဟုတ်မှန်သော်လည်း လူမျိုးစုများ အခွင့်အရေးနှင့် ပတ်သက်ပြီး နိုင် ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center မှ ဦးညိုအုန်းမြင့်က ပြော ကြားသည်။
“အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတဲ့ အချိန်မှာ လက်နက် ကိုင်ဆောင်ခွင့် တောင်းတာထက် ညှိနှိုင်းဆွေးနွေးဖို့ လုပ်တာ ပိုပြီးအဆင်ပြေပါမယ်” ဟု ၎င်းကဆိုသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (KIO) အနေနှင့် ရှမ်းတိုင်းရင်းသား များအား အလိုမတူဘဲ စစ်သား စုဆောင်းမှုများကြောင့် ရှမ်းတိုင်းရင်းသား များက ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကချင်ပြည် နယ် မြစ်ကြီး နားမြို့ရှိ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ရုံးရှေ့တွင် ဆန္ဒထုတ်ဖော် ခွင့် တောင်းခံ ထားသော် လည်း SEA Games ပြိုင်ပွဲ ကျင်းပနေသည့် အချိန်ဖြစ်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုခဲ့ခြင်း မရှိပေ။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here