Friday, January 10, 2014

နယ်မြေရှင်းလင်းရေးလုပ်နေသော အစိုးရတပ်အား RCSS/SSA အဖွဲ့မှ ချုံခိုတိုက်ခိုက်

0 comments
10.1.2014

ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ နမ့်မောင်းကျေးရွာနှင့် ၀မ်ဆင်းကျေးရွာကြားတွင် နယ်မြေရှင်းလင်းရေး လုပ်နေသော အစိုးရတပ် အား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ မနေ့က မနက် ၁၁ နာရီခန့်တွင် ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်ဘက်မှ တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

`` ရွာနဲ့မဝေးတော့ သေနတ်သံတွေကြားတယ်၊ အစိုးရတပ်ကတော့ ဒီဝမ်ဆင်းနဲ့ နမ့်မောင်းရွာကြားမှာ အမြဲတမ်း သွားလာနေတာပါ၊ ရှမ်းပြည်တောင်ပိုင်းတပ်က ချောင်းပစ်တယ်လို့တော့ ပြောသံကြားတယ်၊ ငြိမ်းချမ်းရေး ယူထားတော့ ဒီနယ်မြေမှာ အေးအေး ချမ်းချမ်းဖြစ်နေတာ ကြာပါပြီ၊ ဘယ်လိုပြန်ဖြစ်တာလဲတော့ မသိဘူး´´ လို့ ၀မ်ဆင်း ရွာသား အိုက်ပု က ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ဆက်သွယ်မေးမြန်းကြည့်ရာ ဦးစီးအရာရှိတစ်ဦးက `` နယ်မြေ ရှင်းလင်းရေး ပုံမှန်လုပ်နေတဲ့ ကျွန်တော်တို့တပ်ကို ရှမ်းပြည်တောင်ပိုင်းတပ်က ချုံခိုတိုက်ခဲ့တာ မှန်ပါတယ်၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကျွန်တော်တို့တပ်တွေကို အဲဒီလို လုပ်လိမ့်မယ်လို့ထင်မထားပါဘူး၊ ကျွန်တော်တို့ဘက်ကစပြီး ပစ်ခတ်တာမျိုးတွေ မလုပ်ပါဘူး´´ လို့ ဖြေကြားခဲ့ပါတယ်။

``ပြီးခဲ့တဲ့ သုံးလေးလက ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေ ဘိန်းခင်းတွေဖျက်ကြတယ်၊ နယ်မြေမအေးချမ်းသေး တော့ အစိုးရတပ်က လုံခြုံရေးလိုက်ပေးတယ်၊ မိုင်းကိုင်ဘက်ကိုသွားတုန်းက ရှမ်းပြည်တောင်ပိုင်းတပ်က မိုင်းခွဲ ပြီး ချုံခိုတိုက်လို့ ကျွန်တော်တို့ အသက်အန္တရာယ်စိုးရိမ်ခဲ့ရတယ်၊ လုံခြုံရေးလိုက်ပေးတဲ့ အစိုးရတပ်က ကာကွယ်ပေးလို့ ဘာမှမဖြစ်ခဲ့တာ၊ အခုလည်း ရှမ်းပြည်တောင်ပိုင်းတပ်က အစိုးရတပ်ကို ချုံခိုတိုက်တယ်ဆိုတာ သေချာပါတယ်၊ ဘိန်းခွန်ကောက်၊ ဘိန်းစိုက်၊ ဘိန်းချက်ပြီး စီးပွားဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်က နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့ အစိုးရတပ်ကို နှောင့်ယှက်တဲ့သဘောပါ ´´ လို့ မိုင်းနောင်မြို့ခံ ဌာနဆိုင်ရာ အရာရှိတစ်ဦးက ပြောပါ တယ်။

ခိုလန်မြို့ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA ဆက်ဆံရေး ရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ ဖုန်းခေါ်မရသဖြင့် ပြန်လည်ပြောကြားချက် မရရှိခဲ့ပါ။

နမ့်မောင်းရွာသားတစ်ဦးက `` ပြီးခဲ့တဲ့လက ကျွန်တော်တို့ ရွာသားတွေကို ရှမ်းနှစ်သစ်ကူးပွဲတော် တက်ရမယ် ဆိုပြီး ရှမ်းပြည်တောင်ပိုင်းတပ်က လာခေါ်တယ်၊ လိုက်တဲ့ရွာသားတွေအတွက် ခရီးစရိတ်ကိုလည်း ရွာကခံရတယ်၊ အချို့ဆိုရင် ခုထိရွာပြန်မလာကြသေးဘူး၊ အချို့ရွာတွေက နယ်မြေခံအစိုးရတပ်ကို သွားပြီး အကူအညီ တောင်းကြတယ်၊ ရွာပတ်ဝန်းကျင်မှာ အစိုးရတပ်တွေက လုံခြုံရေးလာယူပေးလို့ ရှမ်းပြည်တောင်ပိုင်းတပ်က ရွာသားတွေကို ခေါ်လို့မရတော့ဘူး၊ မနေ့က အစိုးရတပ်ကို ရှမ်းပြည်တောင်ပိုင်းတပ်က ချုံခိုတိုက်တယ်ကြားတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ် နေကြတယ်´´ လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးရန် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဇန်န၀ါရီနောက်ဆုံးပတ်တွင် ဘားအံမြို့၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ရာ RCSS/SSA အဖွဲ့မှ အစိုးရတပ်များအား ချုံခိုတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်၍ ငြိမ်းချမ်းရေးကို မေးခွန်းထုတ် စရာဖြစ်နေကြောင်း လဲချားမြို့ခံ အလွတ်သတင်းထောက်တစ်ဦးက ပြောကြားသွားခဲ့ပါတယ်။

စိုင်းအောင်ခမ်း

Photo-Internet

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here