13.2.2014
မလေးရှားနိုင်ငံ၊ ဘူကစ်ဘင်တန်မြို့၌ ရခိုင်ပါတီခေါင်းဆောင်များဖြစ်သည့် လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင် တို့ကို သေနတ်ဖြင့် ပစ်ခတ်မှုအတွက် စုံစမ်း စစ်ဆေးရန် မလေးရှားသံအမတ်ထံ စာပို့ထားသည်ဟု လုပ်ကြံခံရသူတစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင် က ဖေ ဖော်ဝါရီ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
ရခိုင်ပါတီခေါင်းဆောင်များသည် မလေးရှားအခြေစိုက်၊ ရခိုင်လူမှု ကယ်ဆယ်ရေး အဖွဲ့၏ ဖိတ်ကြား ချက် ဖြင့် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် ကွာလာလမ်ပူမြို့တော်အတွင်း သွားလာနေစဉ် ၎င်းတို့ ကား ပစ်ခတ်ခံခဲ့ရခြင်းအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးထံ အီးမေးလ်ဖြင့် ပေးပို့ လိုက် ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ပေးဖို့နဲ့ မလေးရှားနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင် ငံသားတွေကို စောင့်ရှောက်ပေး ဖို့အတွက်ပါ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအေး မောင်က ဆိုသည်။
ထို့ပြင် ဖြစ်ပွားခဲ့သည့် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မလေးရှားနိုင်ငံအစိုးရက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံ တကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးရန် ၎င်းက တိုက်တွန်းသည်။
တစ်ဖက်တွင် မလေးရှားရဲကလည်း ဖေဖော်ဝါရီ ၁၂ ရက်တွင် အထူးတပ်ဖွဲ့ တစ်ခု ဖွဲ့စည်းလိုက်ပြီး လုပ် ကြံခံရမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ကွာလာလမ်ပူအခြေစိုက် Bernama သတင်းဌာနက ရေးသားသည်။
“ကျွန်တော်တို့ဆီမှာ လက်ခံရရှိထားတဲ့ သက်သေတွေနဲ့ လုံခြုံရေးကင်မရာက အချက်တွေအပေါ်မှာ အခြေခံပြီး ဒီစုံစမ်းစစ်ဆေးမှုကို ကျွန်တော်ကိုယ်တိုင် ဦးစီးဆောင်ရွက်သွားမှာပါ”ဟု ရာဇ၀တ်မှုထောက် လှမ်းရေး ရဲအဖွဲ့အကြီးအကဲ ကိုင်ရီအာရာဆာက ဆိုသည်။
ဒေါက်တာအေးမောင်တို့ကို လုပ်ကြံခဲ့သည့် အဖြစ်အပျက်ပြီးနောက် တစ်နေ့တည်းတွင် မြန်မာနိုင်ငံသား တစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ယင်းကိစ္စနှင့်ဆက်စပ်နေသည့် ဆက်နွှယ်မှုများကိုလည်း ဆက်လက်စုံစမ်းနေ သည်ဟု ကိုင်ရီက သတင်းထောက်များကို ပြောကြားထားသည်။
လုပ်ကြံရန်ကြိုးစားခဲ့သည့်နေရာမှ မော်တော်ဆိုင်ကယ်သမား နှစ်ဦးကိုလည်း မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ရန် မြန်မာသံရုံးနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်ဟု စီအိုင်ဒီအကြီးအကဲက ဆို သည်။
ထို့ပြင် ယခုလုပ်ကြံမှုတွင် မြန်မာနိုင်ငံသား လေးဦး၊ သို့မဟုတ် ငါးဦး ပါဝင်ပတ်သက်နေပြီး လုပ်ကြံမှုပြု ပြီးပြီးချင်း ၎င်းတို့နေထိုင်ရာသို့ ပြန်သွားကြပြီဟု ယူဆရကာ ၎င်းတို့ထဲမှတစ်ဦးမှာ ကုလသမဂ္ဂ အသိအ မှတ်ပြု ဒုက္ခသည်ကတ်ကို ကိုင်ဆောင်၍ ကွာလာလမ်ပူမှာပင် ဆက်ရှိသေးကြောင်း အကြီးအကဲက ဆို သည်။
ယခုကိစ္စများနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီနှင့် မလေးရှား လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီတို့ ပူးပေါင်း ဖြေရှင်းသွားမည်ဟုလည်း အမျိုးသား လွှတ် တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးညွန့်ဝေက ပြောသည်။
Mizzima - News in Burmese