Thursday, February 13, 2014

“ မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းက ဒုက္ခသည်များအားလုံး မြန်မာပြည် ပြန်လာနိုင်ဖို့ ဦးတည်ဆောင် ရွက်နေပါတယ်”

0 comments
         TBC (The Border Consortium) မှ တာဝန်ရှိသူ Michael Bruce နှင့် တွေ့ဆုံမေးမြန်းခြင်း


13.2.2014


မြန်မာနိုင်ငံ နယ်စပ်နိုင်ငံများရှိ ဒုက္ခသည်များကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ကူညီထောက် ပံ့ပေးလျက်ရှိရာ အဆိုပါအဖွဲ့အစည်းများ၌ ပြည်တွင်းမှ အဖွဲ့အစည်းများ ပါဝင်သလို ပြည်ပမှ အဖွဲ့အစည်း များမှလည်း ကူညီလျက်ရှိသည်။ အဆိုပါ အဖွဲ့အစည်းများအနက် ထိုင်းနိုင်ငံတွင် အခြေစိုက်၍ ဒုက္ခသည် စခန်းများအား ကူညီထောက်ပံ့ ပေးလျက်ရှိသော TBC(The Border Consortium) မှ တာဝန်ရှိသူ Michael Bruce နှင့် တွေ့ဆုံမေးမြန်းဖြစ်သည်များကို ဖော်ပြအပ်ပါသည်။

မေး။ ပထမဦးဆုံးအနေနဲ့ ဆရာတို့ အဖွဲ့အစည်းနဲ့ ဘယ်နေရာတွေမှာ ဘာတွေလုပ်ကိုင်နေသလဲဆိုတာ မိတ်ဆက်ပေးပါဦး ခင်ဗျ။

ဖြေ။ ကျွန်တော်တို့ရဲ့ TBC(The Border Consortium) ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေစိုက် ပါတယ်၊ ထိုင်းနိုင်ငံမှာတင် ရုံးခွဲ ငါးခု ရှိပါတယ်။ ကျွန်တော်တို့တွေဟာ မြန်မာနိုင်ငံမှ ဒုက္ခသည်စခန်းများ အတွက် အလုပ်လုပ်ပါတယ်။ မြန်မာ- ထိုင်းနယ်စပ် မှာ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ရှိတဲ့ ဒုက္ခသည် စခန်း ၉ ခုမှာ သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပါတယ်၊

မေး။ အခု လက်ရှိအစိုးရလက်ထက်မှာ ဆရာတို့ အဖွဲ့အစည်းတွေအနေနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာက ဘာများ ဖြစ်မလဲ။

ဖြေ။ ကျွန်တော်တို့တွေအနေနဲ့ မြန်မာနိုင်ငံမှ စတင်ရုံးခန်း တည်မယ်ဆိုတဲ့ အချိန် အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကြီးကြီးမားမားတော့ သိပ်မရှိပါဘူး။ အခု ရုံးခန်းကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖွင့်လှစ်ခဲ့ပါတယ်၊ ကျွန်တော်တို့တွေကို ဒီမှာ ရုံးခန်း ဖွင့်ဖို့အတွက် Myanmar Peace Center က ဖိတ်ခေါ် ခဲ့ပါတယ်။ အခက်အခဲလို့ဆိုရာမှာ ဘာမှ ကြီးကြီးမားမား မရှိပါဘူး။ ဒါပေမယ့် ပြည်တွင်းက အဖွဲ့ အစည်းတွေ၊ NGO တွေ၊ INGO တွေအနေနဲ့ မျှော်လင့်ထားတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် တွေ ကို ပြည်တွင်းကို ပြန်လာနိုင်ဖို့ ကူညီပေးရတာလိုမျိုးပဲ အခက်အခဲ ရှိပါတယ်။

မေး။ ဆရာတို့ အဖွဲ့အစည်းမှာ ၂၀၁၃ ကနေ ၂၀၁၇ အထိ ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ သိရပါတယ်၊ ဆရာတို့အနေနဲ့ အဲဒီရည်မှန်းချက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်မယ် ထင်ပါသလား ခင်ဗျ။

ဖြေ။ ကျွန်တော့်အထင်တော့ လိုချင်တဲ့ target ကိုရောက်ဖို့တော့ တော်တော်လေး လိုနေသေးတယ်။ အခု အခြေအနေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရရဲ့ ပွင့်လင်းလာတဲ့ အခြေ အနေတွေ ရောက်အောင် ပဲ အရင် တွန်းအားပေးနေ ရတယ်။ ဒီလိုအခြေအနေတွေကပဲ ဒုက္ခသည် စခန်းတွေက ဒုက္ခသည်တွေအနေနဲ့ မြန်မာပြည်ကို ပြန်လာဖို့ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာစေမှာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အစီအစဉ်တွေ၊ သတ်မှတ်ထားချက်တွေ အကုန်လုံးက မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းက ဒုက္ခသည် တွေ အကုန်လုံး မြန်မာပြည်ကို ပြန်လာနိုင်ဖို့ကို ဦးတည် ဆောင် ရွက်နေတာပါ၊ TBC အနေနဲ့လည်း UN က ဒုက္ခသည် ကူညီရေး အဖွဲ့အစည်းတွေနဲ့ သဘော တူညီထားတာက မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ နားလည် သဘောတူညီမှုတွေနဲ့ ဒုက္ခသည် စခန်းကလူတွေ သက်ဆိုင်ရာ တိုင်းပြည်တွေကို ပြန်နိုင်အောင် တွန်းအား ပေးဖို့အတွက်ပါပဲ။

မေး။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေဟာ အာမခံချက်အပြည့်ရှိတဲ့ နိုင်ငံရေး အခြေအနေ မဟုတ်သေးတဲ့အတွက် တကယ်လို့သာ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲသွားရင်ရော ဆရာတို့အနေနဲ့ စီစဉ်ထားတဲ့ အစီအစဉ်တွေများ ရှိပါသလား။

ဖြေ။ အဲဒီအခြေအနေတွေအတွက်ကိုလည်း ပြင်ဆင်ပြီးသားပါ။ ဒါပေမယ့် ဒီအခြေအနေကနေ ဒီထက် ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်ဖို့အတွက် လက်ရှိ မြန်မာအစိုးရအနေနဲ့ ပြင်ဆင်နေတယ်လို့လည်း ထင်ပါ တယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တွေကသာ အဓိကကျပြီး ဒီအပိုင်းကို သာ နိုင်နိုင်နင်း နင်းလုပ်နိုင်ရင် နိုင်ငံရေးအခြေအနေ ပြောင်းစရာ အခြေအနေ မရှိပါဘူး။ အစိုးရအနေနဲ့လည်း လက်ရှိမှာ တခြား အဖွဲ့အစည်း တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ကြိုးစားနေတာကိုလည်း ကြားသိရပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်တွေလည်း တဖြည်းဖြည်း အေးချမ်းသွားမယ် ထင်ပါတယ်။ ပြောချင်တာ ကတော့ နိုင်ငံရေး အခြေ အနေက နိုင်ငံရေး အခြေအနေပါပဲ။ ကျွန်တော်တို့လို အဖွဲ့အစည်းတွေ အနေနဲ့ အဲဒီလိုတွေ ဖြစ်လို့ဆိုပြီး တွန့်ဆုတ်စရာ မရှိပါဘူး၊ လုပ်သင့်တာကို ဆက်လုပ်သွားမှာပါ၊

မေး။ ကျွန်တော်တို့ရဲ့ အစိုးရဟာ အခု ပြည်ပက ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ ကို ပြန်ခေါ်ဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်။ ပြန်လာဖို့လည်း ဖိတ်ခေါ်နေပါတယ်။ ဆရာ့အနေနဲ့ အဲဒီအပေါ် ဘယ်လို ထင်ပါသလဲ။

ဖြေ။ အစိုးရအနေနဲ့ ဘယ်အချိန်မှာ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို အကုန်ပြန်ခေါ်မယ်ဆိုတာ အချိန်အတိအကျ ရှိတာ မတွေ့ရဘူး။ ပြည်တွင်းကို ပြန်လာပါခေါ်လို့ရတာက အစိုးရပဲလေ။ ကျွန်တော်တို့ မဟုတ်ဘူး။ အဲဒါတွေကိုပဲ ကျွန်တော်တို့ အဖွဲ့အစည်းတွေက ထောက်ပြပြီး ကူညီဆောင် ရွက်ပေးနေတာပါ။ အခုတွေ့ရတာက ပြန်ခေါ်တယ်ဆိုပေမယ့် အချိန် မသတ်မှတ်ထားဘူး။ ဘယ်နေ့ ဘယ်အချိန် အပြီး ပြန်ခေါ်မလဲ မသိရဘူး။ ကျွန်တော်တို့တွေအနေနဲ့လည်း မြန်မာအစိုးရက ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီး ဒါတွေကို ဘယ်လို ဘယ်အချိန် လုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေကလည်း အခုချိန်အထိ မေးခွန်းထုတ်ချင်တာ ဘယ်အချိန် ဘယ်နေ့ တိတိကျကျ ဒုက္ခသည်စခန်းက လူတွေ အကုန်လုံးကို ပြည်တွင်းကို ပြန်လာခွင့်ပြုမလဲ။

မေး။ အခု မြန်မာအစိုးရအနေနဲ့ လက်ရှိ ပြည်ပက ၀င်ရောက်လာတဲ့ အဖွဲ့အစည်းတွေအပေါ် ဘယ်လို သဘောထားမျိုး ရှိနေ တယ်လို့ ဆရာ့အနေနဲ့ မြင်ပါသလဲ။

ဖြေ။ ဒါကတော့ အရမ်းကို General ဆန်ပါတယ်။ အပေါ်ယံအရ ပြောရမယ်ဆိုရင်တော့ အစိုးရက ဘယ်အဖွဲ့ အစည်းကိုပဲဖြစ်ဖြစ် လက်ကမ်းကြိုနေတာ တွေ့ရတယ်။ အခုလို ပွင့်လင်းမြင်သာမှုတွေ ရှိလာတာ သဘော ကျပါတယ်။ အစိုးရအနေနဲ့ ဒီထက် ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေ အကျိုးအတွက် ဆောင်ရွက်မယ်လို့ မျှော်လင့်ရပါတယ်။

မေး။ ဆရာတို့အနေနဲ့ ဘယ်လိုမျိုးတွေ မြန်မာနိုင်ငံအတွက် လုပ်နေတယ်ဆိုတာ ပြည်သူတွေကို ယုံကြည် ရအောင် ဘယ်လို ချပြမလဲ။

ဖြေ။ ဒီအတွက်ကြောင့်ပဲ ကျွန်တော် အခု ရန်ကုန်ကို အရောက်လာခဲ့တာပါ။ တစ်ခုခု လုပ်တိုင်းမှာ ဘာလုပ် နေတယ်ဆိုတာ ထုတ်ပြန်ချက်တွေ ကြေညာပေးမယ်။ ဒါ့အပြင် မြန်မာနိုင်ငံက မီဒီယာတွေ နဲ့လည်း များများ ထိတွေ့ဆက်ဆံပြီး ဘာတွေ လုပ်နေတယ်ဆိုတာမျိုးတွေကို ပြည်သူတွေကို ချပြပေးဖို့ အစီအစဉ်တွေရှိပါတယ်။ မြန်မာနိုင်ငံ ပြည်သူတွေအနေနဲ့လည်း ဒုက္ခသည် စခန်းတွေမှာ ဘာတွေဖြစ်နေ တယ်။ ဘာတွေ လိုအပ်တယ်။ ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာမျိုးတွေ သိဖို့ လိုအပ် ပါတယ်။ ဒါတွေအတွက်လည်း မီဒီယာကနေတစ်ဆင့် ချပြပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ အွန်လိုင်းသုံး သူတွေအနေနဲ့ဆိုရင်လည်း ကျွန်တော်တို့ ဘာတွေ လုပ်နေလဲဆိုတာကို Facebook မှာပဲဖြစ်ဖြစ်၊ Twitter မှာပဲ ဖြစ်ဖြစ် ၊ ကျွန်တော်တို့ရဲ့ Official Website မှာပဲဖြစ်ဖြစ် ကြည့်နိုင်အောင် အချိန်နဲ့ တစ်ပြေးညီလည်း တင်ပေးထားပါတယ်။

(အခုလို ဖြေကြားပေးတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်)

Myit Ma Kha Media Group.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here